၁၁ - Final

161 12 0
                                    

ရှေ့ကနေ ထွက်ပြေးတော့မည့်အချိန်တွင်မှ လက်ကောက်ဝတ်ကို ကိုင်ဆွဲထားခြင်းကို ခံနေရသည်။
လွှတ်ပါ လွှတ်လိုက်ပါ။ ခင်ဗျားကို လိမ်ညာလှည့်ဖျားခဲ့တဲ့လူဆီကနေ ဘယ်လိုစကားတွေကို ကြားချင်နေတာလဲ။ ကျွန်တော့်ရဲ့ အလိုက်သိတတ်စွာ ဒူးထောက်ခယမှုတွေနဲ့ ခွင့်လွှတ်ဖို့ တောင်းပန်စကားတွေကိုလား။ ကျွန်တော်အခုချိန်မှာ ဘာမှမပြောနိုင်တော့လောက်အောင် အားနာသိမ်ငယ်နေမိတာမို့ ကျွန်တော့်ကို ဒီအတိုင်း ထွက်သွားခွင့်ပေးလိုက်လို့မရဘူးလား။

"ကောင်းကောင်းမလားဟင် ဟုတ်တယ်မလား"
လည်ပင်းထဲတွင် တစ်ဆို့နေမှုသည် ပို၍ပြင်းထန်လာ၏။ အလိမ်အညာနဲ့စခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်သည် အမှန်တရားတစ်ခုဖြင့်သာ အဆုံးသတ်မည်မှာ လောကနိယာမတစ်ခုပင်။ ဒါကိုလည်း အရင်ကတည်းက ကြိုသိခဲ့ပြီးသားပဲလေ။ ဒါပေမဲ့လည်း အမှန်အတိုင်းပြောမထွက်ဘူး။

"ဟင့်အင်း"
ခေါင်းကို ပြုတ်ထွက်သွားမတတ် ရမ်းလိုက်သည်။ မျက်လုံးထဲမှ အပူလုံးကြီးများသည် ကြွေပြားပေါ်သို့ လွှင့်စင်သွား၏။

ရှေ့တည့်တည့်တွင် မဟုတ်ဘူးဟုဆိုကာ အတင်းကာရော ဗြောင်လိမ်နေသောသူကို ရွံရှာမုန်းတီးစွာ ထိုးကျိတ်လိုက်လေမလား။ ထိုးချင်လျှင်လည်း မျက်နှာအားမော့ပေးလိုက်ဖို့ရန် အဆင်သင့်ပါ။

"ကောင်းကောင်း ဟုတ်ပါတယ်၊ အစ်ကိုသူရနိုင်လေ အစ်ကို့ကို ဘာလို့ မသိချင်ယောင်ဆောင်နေတာလဲ"
ဆွဲကိုင်ခံထားရသော လက်ကောက်ဝတ်သည် အနည်းငယ်တင်းကျပ်လာ၏။ မျက်နှာကို အောက်ချက ခေါင်းကို ကြမ်းပြင်နှင့်ထိလုမတတ် ငုံ့ထားသော်လည်း စိတ်ပျက်သွားသည့် လေသံကိုတော့ ရိပ်ဖမ်းမိသေး၏။ ကြီးမားသည့် အပြစ်တစ်ခုကိုကျူးလွန်ထားသော အပြစ်သားတစ်ယောက်သည် လူကောင်းတစ်ယောက်၏ ရှေ့တွင် ဘယ်လိုမျက်နှာမျိုးနဲ့ မျက်လုံးခြင်းစိုက်ကြည့်ရဲပါ့မလဲ။

ခဏအကြာတွင် အစ်ကို့ရဲ့ မူပိုင်ထုံးစံအပြုအမူတစ်ခုအဖြစ် သက်ပြင်းချလိုက်သံနှင့်အတူ အရှူံးပေးသည့်လေပြေအေးလေးနှင့် ပြောလာသည်။

"ကောင်းကောင်း မင်းက ယောက်ျားကလေးတစ်ယောက်ဆိုတာ အစ်ကို မင်းနဲ့စတွေ့ကတည်းက သိပြီးသားပါ၊ ဘာလို့ ဒီနေ့ မင်းသဘောကျသလို ဝတ်မလာခဲ့ရတာလဲ၊ အိမ်နဲ့အဆင်မပြေဘူးလား"

Pad ဖူးစာWhere stories live. Discover now