98 11 0
                                    

ကောင်းကောင်း ဒီဝင်နေတာ သုံးရက်ခန့်ရှိပြီ။ ဘယ်သူနဲ့မှ အဆက်အသွယ်မလုပ်။ အိမ်က မေမေနဲ့တောင် စကားတစ်ခွန်းမပြောဖြစ်။ ကိုယ့်ကိုယ်ကိုယ် သံသယပေါင်းများစွာဖြင့် ပြန်လည်သုံးသပ်နေမိသည်။
မှန်ထဲမှာပေါ်နေသော ပုံရိပ်သည် အရင်က ကောင်းကောင်းမဟုတ်။ ဆံပင်စုတ်ဖွာနှင့် အစားမစားသောကြောင့် ပါးရိုးများပင် ငေါထွက်ချင်နေပြီ။ မရိတ်တာကြာပြီဖြစ်သော နှုတ်ခမ်းမွေးလေးများမှာ တိုတိတိ စိမ်းမြမြ။ ပါးလွှာတဲ့ နှုတ်ခမ်းများမှာ ခြောက်သွေ့လျက် အညိုဘက်သမ်းနေလေပြီ။

ဝါဂန်အဖြူဒူးအထက်အတိုကလေးသည် ဖြူသောသူဝတ်လိုက်လျှင် ပို၍လိုက်ဖက်၏။ အဆီပိုမရှိသော ပြားချပ်ချပ်ဗိုက်ကလေးနှင့် သေးသွယ်သောခါးပိုင်ရှင်သည် မှန်ထဲတွင် ထင်ဟပ်နေသော မိမိကိုယ်ကိုယ် မမှိတ်မသုန်ကြည့်နေလျက် လက်ထဲမှ ဆေးလိပ်တိုကို တစ်ချက်ရှိုက်လိုက်၏။ မညှပ်တာကြာပြီဖြစ်၍ နဖူးပေါ်ဝဲကျနေသော ဆံပင်များသည် ဝမ်းနည်းရိပ်သမ်းနေသော မျက်ဝန်းများကို ဖုံးကွယ်ပေးထားသည်။ ဒီပုံရိပ်ဟာ ကောင်းကောင်းအစစ်အမှန်မဟုတ်ပါဘူး။

ဒါက မူလကောင်းကောင်းမဟုတ်။ သူဟာ အရင်တုန်းက လှပတဲ့ကောင်မလေးများကိုသာ ကြိုက်နှစ်သက်ပါသည်။ လိုက်၍ကြည့်တတ်ပါသည်။ လည်ပြန်ငေးတတ်ပါသည်။ ထို့ကြောင့် သူ့ကိုယ်သူ ကောင်မလေးများကို ကြိုက်နှစ်သက်သည်ဟု ယေဘုယျအားဖြင့် သတ်မှတ်ခဲ့သည်။

ထို့ကြောင့်ပင် သူသည် ယောက်ျားများကိုချည်း ကြိုက်နှစ်သက်နေသည့် gay တစ်ယောက်လည်းမဟုတ်။  ကောင်မလေးများကိုလည်း ကြိုက်နှစ်သက်တတ်ပါသေးသည်။

စဉ်းစား‌နေရင်း မျက်ဝန်းများသည် မှုန်မှိုင်းလာ၏။ ငွေ့ရည်ဖွဲ့လာ၏။ သူဟာ မိန်းကလေးတစ်ယောက်သာ ဖြစ်ရင်ဘယ်လောက်တောင် လှလိုက်မလဲလေ။ အခြားမိန်းကလေးများလို စကပ်အတိုအကပ်ကလေးတွေ၊ ဘောင်းဘီအတိုကလေးတွေဝတ်လိုက်ရင် နေရထိုင်ရတာ ကျပ်သိပ်‌ပေမဲ့ သိပ်ကိုလိုက်ဖက်မှာပဲ။ အစ်ကိုသူရနိုင်သည်လည်း သူ့ကို မိန်းကလေးတစ်ယောက်ဟု ထင်မှတ်ထား၍သာ သဘောကျမည်။ သူ့အတွက်သာဆို မိန်းကလေးလိုပဲ တသက်လုံးဝတ်ရမယ်ဆို စိတ်ကျဉ်းကျပ်ပေမဲ့လည်း သည်းခံသာ ဝတ်လိုက်ချင်ပါ၏။ ဒါပေမဲ့ သူသည် မိန်းကလေးခန္ဓာကိုယ်လို ဖြစ်ချင်နေသည်တော့ မဟုတ်ပါချေ။

Pad ဖူးစာWhere stories live. Discover now