အခန်း ( ၃၃ ) | Arc 2
အစည်းအဝေးသည် အလွန် လျင်မြန်စွာ ရှေ့ဆက်နေခဲ့သည်။ ရှယ်ယာရှင် တချို့ကဝောာ့ သူတို့ လုံးဝ သဘောမတူနိုင်ဘူးလို့ ပြောချင်နေကြသည်။ အစည်းအဝေးက အခုမှ စရုံပဲ ရှိသေးတာကို သူတို့က မဲပေးရမယ့် အစီအစဉ်ကို ချက်ချင်းကြီး သွားရတော့မှာတဲ့လား။
“ ခင်ဗျားတို့ ကျွန်တော် ပြောတဲ့ စကားတွေကို နားမလည်ဘူးလား။ ” လူတိုင်းရဲ့ မျက်နှာပေါ်မှာ စုပုံလာသော စိတ်ရှုပ်ထွေးမှုတွေကို မြင်တော့ စုယွီသည် မျက်ခုံး တစ်ဖက် ပင့်ပြကာ အထက်စီးဆန်ဆန် မေးလိုက်သည်။ “ ဟုတ်ပြီ ၊ ဒါဆို ကျွန်တော် ထပ်ရှင်းပြမယ် ၊ ကျွန်တော်တို့ အခု စပြီး မဲပေးကြမယ်။ မဲပေးရမယ့် အချိန်က ဆယ်မိနစ်။ ကျွန်တော့်ကို နှုတ်ထွက်စေချင်တဲ့ လူတွေက ကျေးဇူးပြုပြီး မဲပေး,ပေးကြပါ။ တခြား မေးစရာတွေ ကျန်သေးလား။ ”
“ ..… ” ဒီကိစ္စကို စုယွီ အသေးစိတ် ကျကျနန စီစဉ်ထားသည်ဖြစ်စေ ၊ စီစဉ်မထားသည်ဖြစ်စေ ထူးထူးခြားခြား ကွာမှာ မဟုတ်ဘူးလို့ ဘာ့ကြောင့်မှန်းမသိ ခံစားရသည်။
ကျောက်ယွမ်က အဟမ်း အဟမ်းဟု နှစ်ကြိမ် ခပ်တိုးတိုး ချောင်းဟန့်ပြီးနောက် လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။ “ ချင်းစုန့်က ဒီလို လုပ်ဖို့ ဆုံးဖြတ်ထားမှတော့ အားလုံးပဲ သေသေချာချာ စဉ်းစားပြီး မဲပေးကြရအောင်။ ”
သို့သော် မိနစ် အနည်းငယ် ကြာသွားသည်ထိ ဘယ်ရှယ်ယာရှင်မှ တုပ်တုပ်မလှုပ်ကြ။ တကယ်တော့ ကျောက်ယွမ်က ထသွားပြီး မဲပေးလိုက်ချင်သော်လည်း သူက စုယွီရဲ့ အဖေမို့ အရင်ဆုံး ထ,မဲပေးဖို့ သင့်တော်မှာ မဟုတ်။ ထို့ကြောင့် ထိုင်လက်စ ထိုင်ခုံမှာပဲ စိတ်မပါ လက်မပါ ဆက်ထိုင်နေရသည်။
ထို မိနစ် အနည်းငယ် အတွင်းမှာ အစည်းအဝေး ခန်းမ တစ်ခုလုံးဟာ အနေရခက်စရာကောင်းလောက်အောင် ကိုးရိုးကားရားနိုင်စွာ ငြိမ်ကျသွားခဲ့လေသည်။ ကျောက်ယွမ်နောက်မှာ ထိုင်နေသော ကျောက်ချင်းလျန်က တစ်ယောက်မှ လက်မြှောက် ၊ မဲမပေးတာကို မြင်လျှင် အစိုးရိမ်မကြီးဘဲ မနေနိုင်ပေ။ စကား တစ်ခွန်းကို တိုးတိုးလေး ပြောမည် ဟူသော အတွေးဖြင့် ကျောက်ယွမ်အနားသို့ သူ တိုးကပ်သွားလိုက်သော်လည်း ပါးစပ်တောင် မဖွင့်နိုင်သေးခင်မှာပဲ တစ်စုံတစ်ယောက်ရဲ့ ခပ်စူးစူး အကြည့်ကြောင့် ပါးစပ်ပိတ်သွားရ၏။
ကျောက်ချင်းလျန်က အရမ်း ဒေါသထွက်နေပေမဲ့ ထိုင်ခုံမှာ ထိုင်ပြီး စိတ်ထဲ တနုံ့နုံ့ ဖြစ်နေဖို့သာ တတ်နိုင်ရှာသည်။ သဘာဝကို လွန်ဆန်နေသော ကျောက်ချင်းစုန့်ကတော့ သူ လုပ်နေသော ကိစ္စနှင့် ပတ်သက်လို့ နည်းနည်းလေးတောင် နောင်တမရ။ အဲ့လို လူမျိုးက ကျောက် အန်တာတိန်းမန့်ရဲ့ ဥက္ကဌ ထိုင်ခုံနေရာမှာ ဘယ်လိုလုပ် ဆက်ထိုင်နေနိုင်ရတာလဲ … ။ အဲ့ထိုင်ခုံက သူ့အပိုင် ဖြစ်သင့်တာ … ။
ရိုးရှင်းတဲ့ မေးခွန်းလေး တစ်ခု ဖြစ်နေတာတောင်မှ ဘာ့ကြောင့် သူ့ကို ထုတ်ပယ်ဖို့ ဘယ်သူမှ မဲမပေးကြတာလဲ။ တစ်စက်ကလေးမှ ကျိုးကြောင်းဆီလျော်မှု မရှိဘူး။
အတွေးအခေါ်မရှိ ကျပ်မပြည့်သော ကျောက်ချင်းလျန်ရဲ့ ခေါင်းထဲသို့ လျှပ်ပြက်သလို အတွေး တစ်ခု ဖျတ်ခနဲ ဝင်ရောက်လာခဲ့သည်။ ကျောက်ချင်းစုန့် တစ်ခုခု လုပ်ထားတယ် ဆိုတာ သေချာတယ် … ၊ မဟုတ်ရင် ကိစ္စတွေက အခုလို ဖြစ်လာစရာ အကြောင်း မရှိဘူး။
ထိုအကြောင်းကို ကျောက်ချင်းလျန် စဉ်းစားလေ ၊ သူ့အထင် မှန်ကန်တယ်လို့ ပိုခံစားလာရလေပါပဲ။ ကျောက်ချင်းစုန့်က သူ့ကို ထုတ်ပယ်ဖို့ မဲမပေးရဲအောင်လို့ တခြား ရှယ်ယာရှင်တွေကို တရားဥပဒေနဲ့ ဆန့်ကျင်တဲ့ နည်းလမ်းတွေ သုံးပြီး ခြိမ်းခြောက်ထားတာ ဖြစ်ရမယ်။
ရှုထောင့် တစ်ခုကနေ ကြည့်လျှင်တော့ ကျောက်ချင်းလျန်ရဲ့ အတွေးက တကယ်ပဲ အမှန်တရားလို့ ပြောလို့ ရသည်။ ဒါပေမဲ့ အဓိက ကွာခြားချက်က စုယွီက ဥပဒေမဲ့ နည်းလမ်းတွေကို သုံးကာ သူတို့ကို ခြိမ်းခြောက်ထားတာ မဟုတ်ဘဲ သူ့ဆီမှာ ထိုလူတွေရဲ့ ဥပဒေမဲ့ လုပ်ရပ်တွေ အကြောင်း သက်သေ အထောက်အထားတွေ ရထားကြောင်း ပြောကာ ဖော်ထုတ်ပစ်လိုက်မည် ဟူ၍ ခြိမ်းခြောက်ထားတာပင်။
အချိန် တဖြည်းဖြည်း ကုန်ဆုံးလာသည်နှင့်အမျှ လျို့ဝှက်ပူးပေါင်းကြံစည်မှု များစွာကို ဖြတ်ကျော်လာခဲ့ဖူးသော ကျောက်ချင်းလျန်သည် ဒီတိုင်း ဆက်ထိုင်မနေနိုင်တော့ပေ။ သူ့ကို တားဆီးဖို့ ကြံနေသော ကျောက်ယွမ်ကို ဂရုမစိုက်ဘဲ ပါးစပ်ဖွင့်၍ လေးစားမှုရှိကာ စူးစမ်းချင်ဟန် ပါဝင်သော အသံဖြင့် မေးလိုက်သည်။ “ ဘာလို့ တစ်ယောက်မှ မဲမပေးကြတာလဲဗျ။ မဲပေးတဲ့ အစီအစဥ်ကို အခုထိ မစသေးတာလား။ ”
အစည်းအဝေးခန်းမ စားပွဲမှာ ထိုင်နေကြသော လူတိုင်းရဲ့ မျက်လုံးတွေဟာ ကျောက်ချင်းလျန်ရဲ့ ခန္ဓာကိုယ်ပေါ် စုပြုံကျရောက်သွားသည်။ သို့သော် ဘယ်သူကမှ သူ့မေးခွန်းတွေကို ဖြေပေးရန် လုံလုံလောက်လောက် ကြင်နာစိတ် မရှိကြပေ။
လူတွေ အများကြီး စိုက်ကြည့်တာ ခံနေရသော ကျောက်ချင်းလျန်က အနည်းငယ် စိတ်လှုပ်ရှားသလို စတင် ခံစားလာရလျက် သူ့လက်တွေမှာလည်း စပြီး ချွေးစိမ့်ထွက်လာခဲ့သည်။ သူက သူ့လက်တွေကို ဘောင်းဘီနှင့် သုတ်ပစ်ရင်း အပြုံးတု တစ်ခုနှင့် ပြောလိုက်၏။ “ အကုန်လုံးက မဲပေးဖို့ ကြောက်နေတာလားလို့ တွေးမိလို့ ကျွန်တော့်အတွက် နည်းနည်းလေး ထူးဆန်းနေတာပါ။ ”
စုယွီက ကျောက်ချင်းလျန်ကို ပိုလို့တောင် အတုအယောင်ဆန်သော အပြုံးတုနှင့် လှမ်းကြည့်ကာ ဤ တစ်ဖက်သတ် စကားဝိုင်းကို တုံ့ပြန် စကားပြောဖို့ ကြင်နာစွာ ဆုံးဖြတ်လိုက်လေသည်။ “ မင်း ပြောချင်တဲ့ အဓိပ္ပာယ်က ငါက သူတို့ကို ယုတ်မာကောက်ကျစ်တဲ့ နည်းလမ်းတွေ သုံးပြီး ခြိမ်းခြောက်ထားလို့ သူတို့က ငါ့ကို ထုတ်ပယ်ဖို့ မဲမပေးရဲကြတာလို့ ပြောချင်တာလား။ ”
“ ငါ အဲ့လို မပြောပါဘူး။ ထူးဆန်းတယ်လို့ ခံစားရရုံလေးပါပဲ။ ငါ အရင်တုန်းက ဒီလို အစည်းအဝေးတွေမှာလည်း တစ်ခါမှ မပါဝင်ဖူးတော့ လုံးဝ အတွေ့အကြုံ မရှိပေမဲ့ ဒါက မဲပေးတာ ဆိုမှတော့ အခုလောက် ဆိုရင် မဲပေးတဲ့ လူ နည်းနည်းပါးပါး ရှိသင့်နေပြီ မဟုတ်ဘူးလား။ ” ဒါက ကျောက်ချင်းလျန် ပြောချင်နေတဲ့ စကား ဖြစ်သော်လည်း သူ ထိုစကားကို စကားပလ္လင်မခံ ၊ ကွေ့ဝိုက်မနေဘဲ ဒီတိုင်းကြီး ပြောချလိုက်လို့ မရ။
စုယွီ ခေါင်းညိတ်လိုက်၏။ ထို့နောက် ကျောက်ချင်းလျန်ကို အထင်အမြင်သေးသော အကြည့်ဖြင့် သာမန်ကာလျှံကာ ကြည့်လိုက်သည်။ “ မင်းက အဲ့လို စောင်းပါးရိပ်ခြည်ပြောဖို့ ရည်ရွယ်ထားတာ မဟုတ်ဘူး .. ပြီးတော့ ဒီနယ်ပယ်ထဲမှာလည်း အတွေ့အကြုံ မရှိဘူး ဆိုရင် ပါးစပ်လေး ပိတ်ပြီး နေပေးလို့ ရမလား။ ”
“ ….. ” ဒေါသထွက်လိုက်တာ။ ဘာလို့ ဒီလူ့မှာ အခြေခံ လူ့ကျင့်ဝတ်တွေ ၊ ယဉ်ကျေးတဲ့ အပြုအမူတွေ မရှိရတာလဲ။ ကျောက်ချင်းလျန် တစ်ယောက် ဒေါသထွက်လွန်းလို့ သွေးဆောင့်တိုးပြီး သတိလစ်သွားတော့မလားပဲ။
ကျောက်ယွမ်က စုယွီကို ခပ်တင်းတင်း ကြည့်ပြီးနောက် ရှယ်ယာရှင်များ လူစုကို တစ်ချက် အကြည့် ဖြန့်ကျက်လိုက်သည်။ သူလည်း နည်းနည်းလေး စိတ်ကသိကအောက်ဖြစ်ကာ အကြံရခက်သွားမိပါသည်။ ဒီလူတွေရဲ့ တုံ့ပြန်မှုက သူ မျှော်လင့်ထားတာနှင့် လုံးဝ မတူပါ။ ဒီပုံအတိုင်းသာ ဆက်သွားနေရင် သူ့အစီအစဉ်တွေလည်း အကောင်အထည်ပေါ်လာတော့မှာ မဟုတ်လောက်။
“ ဒီလို မဲပေးတာက နည်းနည်းလေး ရှက်စရာကောင်းတယ် ချင်းစုန့်။ တခြား နည်းလမ်း သုံး။ ” ကျောက်ယွမ်က တရားမျှတကာ ကိုယ်ကျိုးမငဲ့သော ပုံစံဖြင့် ပြောလိုက်သည်။
စုယွီက လှောင်ပြုံး ယဲ့ယဲ့ ပြုံးပြီး ခနဲ့တဲ့တဲ့ ပြောလိုက်သည်။ “ အဖေ ဒီလို ပြောတယ် ဆိုတော့ ကျွန်တော့်ကို တကယ် မောင်းထုတ်ချင်နေတဲ့ ပုံပဲ။ အဖေ ဒီနေ့ မလိုအပ်တဲ့ လူပို တစ်ယောက်ကို ဘာလို့ ခေါ်လာခဲ့လဲ ဆိုတာ အံ့ဩစရာ မရှိပါဘူး။ အဖေ့မှာ ဟိုးအရင်ကတည်းက ဒီအကြံ ရှိနေတာပဲ။ ဒါပေမဲ့ အဖေ ကိုယ့်ကိုယ်ကိုယ် အရမ်း အမှိုက်ဆန်နေပြီလို့ မထင်ဘူးလား။ ကျွန်တော် နှုတ်မထွက်သေးရတာတောင် အဖေကတော့ ဆက်ဆံသူ အသစ် တစ်ယောက်ကို အပူတပြင်း လိုက်ရှာပြီးနေပြီ။ မီဒီယာတွေသာ ဒီအကြောင်းကို ကြားသွားရင် အဲ့ဒါက အဖေ့အပေါ်လည်း သက်ရောက်မှု မရှိမှာကို စိုးရိမ်တယ်။ ”
“ မင်း အဓိပ္ပာယ်မရှိတဲ့ ပေါက်ပန်းလေးဆယ် ဘာစကားတွေ လျှောက်ပြောနေတာလဲ။ ” ကျောက်ယွမ်က သူ့မျက်လုံးတွေကို ကျဉ်းမြှောင်းလိုက်ပြီး ခက်ထန်စွာ မျက်မှောင်ကြုတ်ကာ အကြီးအကျယ် စော်ကားခံရသလို ပြုမူလိုက်၏။ “ ရှယ်ယာရှင်တွေရဲ့ အထွေထွေ အစည်းအဝေးကို အခု လုပ်နေတာနော်။ မင်း ကိုယ့်ကိုယ်ကိုယ် ဘယ်သူလဲ ဆိုတာ ခေါင်းထဲ ထည့်ပြီး ကလေး တစ်ယောက်လို ပြုမူနေတာကို တော်လိုက်ရင် ကောင်းမယ်။ မင်းမှာ ဒေါသထွက်စရာတွေ ရှိလည်း အစည်းအဝေး ပြီးတဲ့အထိ သည်းခံထား။ ”
“ အဖေ ဒီလို ပြုမူနေတာကရော တကယ် သင့်တော်လို့လား။ ဘာအတွေ့အကြုံမှ မရှိတဲ့ ကောင်လေး တစ်ယောက်ကို ဒီလို အရေးကြီးတဲ့ အစည်းအဝေးဆီ ခေါ်လာပြီး သူ့ကို စည်းမျဉ်းတွေကို ဂရုမစိုက်ဘဲ ရိုင်းရိုင်းစိုင်းစိုင်း ပြောခွင့်ပေးထားတယ် ၊ တကယ်တမ်း ကျွန်တော်က မေးခွန်း တစ်ခုလေးပဲ မေးရသေးတာ။ အဖေ့စိတ်ထဲမှာ ကျွန်တော်နဲ့ ပတ်သက်လို့ ပြင်းထန်တဲ့ စွပ်စွဲချက်တွေ ရှိနေတာပဲ။ ဝိုး ၊ မသိရင် သူက တရားဝင် သား ၊ ကျွန်တော်ကတော့ တရားမဝင် သားလိုပဲ။ ” စုယွီသည် အထင်အမြင်သေးစွာ မျက်ခုံးပင့်လိုက်၏။ သူ ခွန်းတုံ့ပြန် ပြောဆိုပြီးနောက် ကျောက်ယွမ်ကို ပြန်လည် တိုက်ခိုက်ခွင့် မပေးဘဲ ထိုအစား စကားလမ်းကြောင်းကို ပြန်ပြောင်းလိုက်သည်။ “ ဟုတ်ပြီလေ။ အဖေက ဒီလို ပြောနေမှတော့ မဲပေးတဲ့ ပုံစံကို ပြောင်းကြတာပေါ့။ ကျွန်တော့်ကို ဥက္ကဌ အဖြစ် ဆက်ရှိနေစေချင်တဲ့ ဘယ်သူမဆို အခု မဲပေးကြပါ။ မဲပေးရမယ့် အချိန်ကလည်း ခုနတုန်းကလို ဆယ်မိနစ်ပါပဲ။ ”
ထိုစကားတွေကို ကြားတော့မှ ကျောက်ယွမ်နှင့် ကျောက်ချင်းလျန်ဟာ စိတ်သက်သာရာရသွားသော သက်ပြင်းလေးတွေကို ချနိုင်ဝောာ့သည်။ ကျောက်ချင်းလျန်က ဘယ်သူမှ မသိအောင် စိတ်ထဲကနေ သက်ပြင်းချလိုက်တာ ဖြစ်ပြီး ကျောက်ယွမ်ကတော့ တကယ့်လက်တွေ့ သက်ပြင်းချလိုက်တာလေးပဲ ကွာတာပါ။
မဲပေးချိန် ဆယ်မိနစ်ရဲ့ ပထမဆုံး ငါးမိနစ်ကတော့ ဘယ်သူမှ မဲမပေးခဲ့တဲ့ ခုနတုန်းက အခြေအနေနဲ့ တစ်ပုံစံတည်းရယ်။ ငါးမိနစ် ကျော်တော့မှသာ လူ တစ်ယောက်က ဘေးဘီ ပတ်ဝန်းကျင်ကို လုံးဝ မကြည့်ဘဲ တွန့်ဆုတ်ဆုတ် လက်မြှောက်လိုက်တာ ဖြစ်သည်။
ထို့နောက် တဖြည်းဖြည်းနှင့် နောက်ထပ် မဲပေးသူ နှစ်ယောက်လည်း ထွက်ပေါ်လာသည်။ ကျောက်ယွမ်သည် အစိမ်းပုပ်ရောင် သမ်းနေသော မျက်နှာကြီးဖြင့် လက်မြှောက်နေသူများကို ကြည့်လိုက်မိသည်။ စုယွီက သူ့ကိုယ်သူ ဂေး ဖြစ်ကြောင်း ဝန်ခံပြီးနောက်ပိုင်းမှာ သူ့ကို ထောက်ခံတဲ့ လူတွေ ရှိနေလိမ့်ဦးမည်ဟု သူ လုံးဝ ထင်မထားခဲ့။
ကျောက်ချင်းလျန်ကလည်း အလွန် မျက်နှာပျက်နေကာ ထိုလူတွေရဲ့ မျက်နှာကို တိတ်တဆိတ် မှတ်သားနေခဲ့သည်။ ငါ ကျောက် အန်တာတိန်းမန့်ရဲ့ ဥက္ကဌ ဖြစ်လာရင် မင်းတို့ကို ဘာလုပ်မလဲ ဆိုတာ စောင့်သာ ကြည့်နေလိုက် … ။
မဲ အရေအတွက် တိုးမြှင့်လာသည်နှင့်အမျှ အဲ့ဒီ ပါဝင်သူတွေရဲ့ ရှယ်ယာ ပမာဏလည်း ၃.၂ % ကနေ ၇.၁ % ထိ မြင့်တက်လာကာ ကိုးမိနစ် ရောက်ချိန်တွင်တော့ နောက်ဆုံးအနေဖြင့် ၂၁.၃ % ၌ ရပ်တန့်သွားလေသည်။
ထိုဖြစ်စဉ် တစ်ခုလုံး အတွင်းမှာ စုယွီကတော့ ဘာတွေ ဖြစ်နေလဲ ဆိုတာကို မြူမှုန်လေး တစ်မှုန်လောက်တောင် ဂရုမစိုက်ပုံဖြင့် ထိုင်ခုံကို သက်သောင့်သက်သာ ပေါ့ပေါ့ပါးပါး မှီထားကာ ရှယ်ယာရှင်တွေကို အကြည့်ဖြန့်ကျက်လျက် သူ့ရဲ့ ခပ်ရှည်ရှည် ခြေထောက်တွေကို ကြမ်းပြင်နှင့် စည်းဝါးကျစွာ တတောက်တောက် အသံမြည်အောင် ခပ်တိုးတိုး ထိခတ်နေခဲ့သည်။
ရှယ်ယာ အရေအတွက် တိုးလာသလို ကျောက်ချင်းလျန်လည်း ပို,ပို ထိတ်လန့်လာမိသည်။ အစည်းအဝေးကို တက်ရောက်နေတဲ့ ရှယ်ယာရှင် ၁၃ ယောက်မှာ စုစုပေါင်း ရှယ်ယာ ပမာဏ ၉၆ % ရှိသည်ဟု သူ အရင်တုန်းက တွက်ဆခဲ့ဖူးသည်။ ထို့ကြောင့် ကျောက်ချင်းစုန့်ကို ထောက်ခံသော လူတွေမှာ ရှယ်ယာ ပမာဏ ၄၈ % ထက် ပိုလျှင် ထိုပြဿနာကို ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မည်။
ကျောက်ချင်းစုန့် ကိုယ်တိုင်ကလည်း ရှယ်ယာ ၂၂ % ပိုင်ဆိုင်ထားသောကြောင့် သူ့ကို ထောက်ခံသော လူတွေမှာသာ ရှယ်ယာ ၂၆ % ထက် ပိုမို ပိုင်ဆိုင်ထားလျှင် သူ ဥက္ကဌ ဆက်ဖြစ်နေလိမ့်မည် ဆိုတဲ့ အဓိပ္ပာယ်ပဲ ဖြစ်သည်။
ကျောက်ချင်းလျန် ဘယ်သူမှ မသိအောင် အံကြိတ်လိုက်မိသည်။ ဒီလို လုံးဝ ဖြစ်လို့ မရဘူး။
မဲပေးရမည့် အချိန် တစ်မိနစ်ပဲ ကျန်တော့ချိန်မှာ ရှယ်ယာ ပမာဏက ရှေ့ဆက်တိုးမည့် လက္ခဏာ မပြဘဲ ၂၁.၃ % မှာသာ ရပ်တန့်နေခဲ့သည်။ ကျောက်ချင်းလျန်သည် မဲမပေးရသေးသော လူနည်းစုကို ကြည့်ကာ အချိန် မြန်မြန် ကုန်သွားပါစေလို့ ဆုတောင်းနေမိသည်။
“ ဟာ ၊ စက္ကန့် ၃၀ ပဲ ကျန်တော့တဲ့ ပုံပဲ။ ကျွန်တော် မဲပေးနိုင်တုန်း ကိုယ့်ကိုယ်ကိုယ် မဲပေးတာ ပိုကောင်းလိမ့်မယ် … ” စုယွီက အချိန်ပြည့်တော့မည် ဆိုတာကို အခုမှ သဘောပေါက်သွားသလို အသံပြုလိုက်သည်။ စုရုံးနေသော လူတွေဆီမှာ သူ အကြည့် တစ်ချက် ကစားကာ အပြုံးလေးဖြင့် မေးလိုက်၏။ “ ဘယ်သူ မဲပေးဖို့ ရှိသေးလဲ။ မဲပေးချင်တယ် ဆိုရင် ခင်ဗျားတို့ မြန်မြန်လေး လုပ်မှ ရမယ်နော်။ ”
သူ့ကို မဲပေးအောင် သိသိသာသာ ဆွယ်နေသော စုယွီကို ကျောက်ချင်းလျန့်က အစိမ်းလိုက်ဝါးစားချင်သလို စိုက်ကြည့်လိုက်သည်။ “ မင်း တခြား လူတွေရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေကို ဝင်စွက်ဖက်ဖို့ ကြိုးစားလို့ မရဘူးလေ အစ်ကိုကြီး။ ”
“ အိုး။ ” စုယွီက ပြုံးကာ အချိန်ကို ထပ်ကြည့်လိုက်သည်။ “ အင်း … ၁၀ စက္ကန့် ကျန်သေးတယ်။ ကျွန်တော် ခင်ဗျားတို့ အားလုံး အတွက် အချိန်ကို ကူရေတွက်ပေးပါ့မယ်။ ၁၀ …… ၉ ….. ”
ကျောက်ချင်းလျန်သည် စိတ်လှုပ်ရှားစွာ တံထွေးမျိုချရင်း လက် နှစ်ဖက်ကိုလည်း တစ်ဖက်နှင့် တစ်ဖက် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်မိသည်။ ကျေးဇူးပြုပြီး မဲပေးချင်တဲ့ လူ ဘယ်သူမှ မရှိပါစေနဲ့တော့ … ။
“ ၈ ….. ၇ …. ၆ …. ” စုယွီက ဆက်လက် ရေတွက်နေသည်။
ကျောက်ချင်းလိန်ရဲ့ ပါးစပ်က အလွန် စိတ်လှုပ်ရှားနေပေမဲ့ ရယ်လည်း ရယ်ချင်နေပုံဖြင့် ခပ်တင်းတင်း စေ့ပိတ်နေခဲ့သည်။ စက္ကန့် အနည်းငယ်ပဲ လို့တော့တာ … ပြီးတော့ ကျောက်ချင်းစုန့်ကို ထိုးချလို့ ရမယ် ဆိုရင် အဲ့ဒီ လိုချင်မက်မောစရာ နေရာကလည်း သူ့အပိုင်ပဲ … ။
ကျောက်ချင်းလျန်က သူ့ရဲ့ လှပသော အနာဂတ် တောက်တောက်ပပကို မြင်ထားပြီးသား။ သူက လူတိုင်းရဲ့ အားကျမှု ၊ အာရုံစိုက်မှုတို့ စုဆုံရာ ဖြစ်တဲ့ ကျောက် အန်တာတိန်းမန့်ရဲ့ ဥက္ကဌ ဖြစ်လာလိမ့်မည်။
“ ၅ …. ၄ ….. ၃ …. ” စုယွီရဲ့ လေသံက အနည်းငယ်မျှ မပြောင်းလဲဘဲ ဖြစ်နေသော အဖြစ်အပျက်တွေကို ဂရုမစိုက်သကဲ့သို့ တည်ငြိမ်မြဲ တည်ငြိမ်နေခဲ့သည်။
သို့သော်လည်း ကျောက်ချင်းလျန်ရဲ့ နဖူးကတော့ ချွေးတို့ဖြင့် ပြောင်လက်နေပြီ ဖြစ်သည်။ သူ့ခန္ဓာကိုယ်က ရေနွေးအိုးတည်လို့ ရလောက်အောင် ပူလောင်နေပြီး ခေါင်းထဲမှာလည်း အနည်းငယ် မူးဝေနေသလို ခံစားရသည်။ သူ အရမ်း စိုးရိမ်ပြီး စိတ်လှုပ်ရှားနေတာကြောင့် ဖြစ်နိုင်သည်။
သူ့ရင်ဘတ်က နိမ့်ချည် မြင့်ချည် ဖြစ်နေပြီး အသက်ရှူသံတွေလည်း ပြင်းလာသည်။
ဘယ်လောက်မှ မလိုတော့ဘူး ၊ သူသာ ကြိုးစားနိုင်မယ် ဆိုရင် ကျောက် အန်တာတိန်းမန့်ရဲ့ ဥက္ကဌ ဖြစ်လာနိုင်တယ် …
“ ၂ … ” စုယွီကတော့ ဆက်လက် ရေတွက်နေဆဲ။
သို့သော်လည်း တစ်ချိန်တည်းမှာပဲ တခြား အသံ တစ်သံကလည်း ပြိုင်တူ ထွက်ပေါ်လာခဲ့သည်။ “ ငါ မဲပေးတယ်။ ဥက္ကဌကျောက်ကို ဆက်ပြီး တာဝန်ထမ်းဆောင်ဖို့ ငါ မဲပေးတယ်။ ”
ထိုစကား ဆုံးသည်နှင့် စုယွီရဲ့ ရေတွက်ခြင်းကလည်း အဆုံးသတ်သွားသည်။ “ …. ၀ ။ မဲပေးတာ အခု တရားဝင် အဆုံးသတ်သွားပါပြီ။ ”
ကျောက်ချင်းလျန်ရဲ့ တင်းမာနေတဲ့ ကြွက်သားတွေက အခုထိ မပြေလျော့သေးဘဲ စိတ်ကျေနပ် ပျော်ရွှင်ခြင်းရဲ့ အစွန်းတဲတဲလေးပေါ်မှာ ရှိနေသေးသည်။ သူ့ခန္ဓာကိုယ် တစ်ခုလုံးကလည်း တောင့်တင်းနေဆဲ ၊ ဦးနှောက်ထဲမှာလည်း မူးဝေနေဆဲ ၊ သူ့ရင်ဘတ်ကလည်း ဆက်၍ နိမ့်ချည် မြင့်ချည် ဖြစ်နေဆဲ။ ထို့နောက် သူ့စိတ်အားထက်သန်မှုတွေ အကုန်လုံး ၁ စက္ကန့် ဆိုတဲ့ မျက်စိတစ်မှိတ် အချိန်လေး အတွင်းမှာ အစအနမကျန် လွင့်စင်ပျောက်ကွယ်သွားသည်။
လှပတဲ့ ဖန် အပိုင်းအစလေး တစ်စက အချိန် ခဏ အတွင်းမှာ တစ်စစီ ကွဲကြေသွားသလိုပါပဲ။
ကျောက်ချင်းလျန်ရဲ့ ခေါင်းထဲမှာ စက္ကန့် အနည်းငယ် ကြာသည်ထိ ဘာဆို ဘာမှ မရှိတော့ဘဲ ဗလာနတ္ထိ ဖြစ်နေပြီးမှ သူ့ပျော်ရွှင်မှုတွေ အကုန်လုံးကို ဖျက်ဆီးလိုက်သော အသံပိုင်ရှင်ကို နောက်ဆုံးမှာ တွေးမိသွားသည်။ ထို့နောက် ကျောက်ယွမ်နှင့် ကျောက်ချင်းစုန့်ရဲ့ မျက်နှာ အပြင် သူ့ကို ရင်းရင်းနှီးနှီး ခံစားချက် တစ်မျိုးကို ခံစားရစေတဲ့ မျက်နှာ တစ်ခုကို မြင်သွားခဲ့သည်။
“ ဦးလေး … လင်း … ။ ” ကျောက်ချင်းလျန်သည် လင်းယန်နှင့် တစ်ခါ ဆုံဖူးသည်။ ထိုအချိန်တုန်းက သူ အထက်တန်းကျောင်းသားအရွယ်ပဲ ရှိသေးရဲ့။ လင်းယန်က သူ့ကို တွေ့ဖို့ ကျောက်ယွမ်နှင့်အတူ ကျောင်းကို ရောက်လာခဲ့တာ ဖြစ်ပြီး လက်ဆောင်တွေ အများကြီးလည်း ယူလာခဲ့သည်။
အဲ့ဒီတုန်းက လင်းယန်က သူ့ကို ခေါင်းပုတ်၍ ပြုံးပြကာ သူနှင့် သူ့အဖေက အရမ်း ရုပ်ချင်းဆင်ကြောင်းနှင့် သူ့မှာ တောက်ပသော အနာဂတ် တစ်ခု သေချာပေါက် ရှိလာလိမ့်မည် ဖြစ်ကြောင်း ပြောခဲ့ဖူးသည်။
ကျောက်ချင်းလျန်ရဲ့ ဗလာနတ္ထိ ဖြစ်လုနီးပါး အတွေးတွေထဲမှာ အရာရာတိုင်းကို ဖျက်ဆီးခဲ့သော ခံစားချက်မဲ့ ရက်စက်တဲ့ အပြုံးမျက်နှာက ဖြည်းဖြည်းချင်း စတင် ဖုံးလွှမ်းကာ နွေးထွေးပျော်ရွှင်မှုကနေ အကြင်နာကင်းမဲ့ခြင်းနှင့် ရက်စက်ခြင်း အဖြစ်သို့ ပြောင်းလဲသွား၏။
ကျောက်ချင်းလျန်သည် စိတ်ရှိတိုင်းသာဆိုရင် ငိုပစ်လိုက်ချင်သည်။ လင်းယန်က သူ့အဖေရဲ့ အခင်ဆုံး သူငယ်ချင်း မဟုတ်လား။ သူက သူတို့ဘက်မှာ ရပ်တည်ပေးသင့်တာ မဟုတ်ဘူးလား။ အဲ့ဒါကို ဘာလို့ ဒီလို သေရေးရှင်ရေးတမျှ အရေးကြီးနေတဲ့ အချိန်မှာ သူ့မျှော်လင့်ချက်တွေ ၊ အိပ်မက်တွေ အကုန်လုံးကို ရိုက်ချိုးလိုက်တဲ့ လူက ဒီလူ ဖြစ်နေရတာလဲ … ။
“ အကုန် သွားပြီ … ငါ့အိပ်မက်တွေ ရေစုန်မျောပြီ။ ” ကျောက်ချင်းလျန် ဘယ်လိုမှ ဖြေမဆည်နိုင်ဘဲ ရုတ်တရက် ရှိုက်ကြီးတငင် ငိုကြွေးမိတော့သည်။
STAI LEGGENDO
ဇာတ်လိုက်တွေရဲ့ IQကို ငါ လိုက်ဖြည့်ေပးနေရတယ် (MM TRANSLATION)
Storie d'amoreTitle: I'm Scattering IQ to the Protagonist [Quick Transmigration] ; 我为主角播撒智商[快穿] Author: 送君十里 (Song Jun Shi Li) Status in Original Country: Complete - 192 chapters နိုနိုလေးနဲ့ ညီမလေး yeolli-khinတို့ရဲ့ collaboration workလေးပါရှင့်။