အပိုင်း (၄)

677 87 0
                                    

(Unicode)

‌တီတီတီတီ။ Click!

မနက်(၇)နာရီမှာ ထွန်းလင်းသော်ရဲ့ တစ်နေ့တာက စတယ်။ နိုးနိုးချင်း အိပ်ယာသိမ်းတယ်။ သူ့အခန်းပြတင်းပေါက်ရဲ့ ကန့်လန့်ကာကို ဖွင့်တယ်။ နောက်ပြီး ပြတင်းပေါက်ကိုပါ ဖွင့်တယ်။

ပြတင်းပေါက်ကနေ နေရောင်ခံရင်း ခဏလောက် အိမ်ရှေ့ကို ဖြတ်သွားတဲ့ လူတွေကို အိပ်ချင်မူးတူးနဲ့ လိုက်ကြည့်မယ်။ ပြီးရင်တော့ သူ မျက်နှာသစ်၊ သွားတိုက်မယ်။ ဒါပြီးရင်တော့ ဘုရားစင်ရှေ့မှာ ဘုရားရှိခိုးမယ်။

ထွန်းလင်းသော် ဘုရားရှိခိုးတာက နာရီဝက်လောက် ကြာတယ်။ ဘွားလေးနဲ့ နေပြီးတဲ့နောက်ပိုင်း ဘွားလေးက သူ့ကို ပဋ္ဌာန်းရွတ်တတ်အောင် သင်ပေးခဲ့တာမို့ ခုရက်ပိုင်း သူ နေ့တိုင်း ပဋ္ဌာန်းရွတ်ဖြစ်တယ်။

ဘုရားရှိခိုးပြီးရင်တော့ ကျောင်းသွားဖို့ သူ စပြင်ဆင်ပြီ။ ရေချိုးတယ်။ မျက်နှာကို ရွှေပြည်နန်းသနပ်ခါး ရေကြဲလိမ်းတယ်။ ခေါင်းကို အုန်းဆီ နည်းနည်းလိမ်း၊ Roll-on သုံး၊ ကျောင်းအင်္ကျီ ဝတ်။ ဒါဆို ထွန်းလင်းသော် ကျောင်းသွားဖို့အတွက် ပြင်လို့ဆင်လို့ ပြီးပြီ။

လွယ်အိတ်က မနေ့ညက စာလုပ်ပြီးကတည်းက ကြိုထည့်ထားပြီးသားမလို့ လွယ်ပြီး အောက်ဆင်းသွားရုံပဲ။ အောက်မဆင်းခင် ထွန်းလင်းသော် ခုတင်အောက်မှာ ထည့်ထားတဲ့ အားကစားဖိနပ်အသစ်အိတ်ကို ထုတ်ပြီး ယူလာလိုက်တယ်။ သူ ဘော်လီဘောကလပ်ကို ဝင်ဖြစ်သွားတော့ အားကစားဖိနပ်လိုတာနဲ့ ဘွားလေးကို ပြောပြလိုက်တော့ ဘွားလေးက ဝမ်းပန်းတသာနဲ့ပဲ ဝယ်ပေးလာတယ်။

အောက်ဆင်းလာတော့ ဘွားလေးက မနက်စာစားပွဲဝိုင်းမှာ ထိုင်ပြီး သူတို့ကို စောင့်နေပြီ။ သူ့ညီမက ထွက်မလာသေးတာမို့ သူ အော်ခေါ်ရသေးတယ်။ မနက်စာကတော့ ရိုးရိုးရှင်းရှင်း ခေါက်ဆွဲသုပ်ပဲ။ နောက်ပြီးတော့ အိုဗာတင်းမောမစ် တစ်ယောက်တစ်ခွက်စီ။

ရှစ်နာရီမှာ ကျောင်းကား လာခေါ်ရင် သူနဲ့ သူ့ညီမက အိမ်က ပြင်ဆင်ပေးတဲ့ ထမင်းချိုင့် ကိုယ်စီဆွဲပြီး ကျောင်းကားပေါ်ကို တက်လိုက်ကြတယ်။ စိန့်ဂျွန်ကျောင်းက သူတို့အိမ်နဲ့ နီးတာမို့ ကျောင်းကားက သူတို့ကို နောက်ဆုံးမှာ ဝင်ခေါ်တယ်။ ရှစ်နာရီ ဆယ်မိနစ်ဆို သူတို့ ကျောင်းကို ရောက်ပြီ။

Paper RingsWhere stories live. Discover now