အပိုင်း (၂၁)

597 79 7
                                    

(Unicode)

ဘယ်ဘက်လက်မှ နာရီကို ပင့်ကြည့်လိုက်ပြီး သူ့ခြေလှမ်းတို့ကို အရှိန်မြှင့်တင်လိုက်သည်။ ကျောင်းခန်းထဲသို့ သူ ရောက်သွားချိန်တွင် သူတို့အတန်းထဲမှ ကျောင်းသား တော်တော်များများ ရောက်ရှိနေကြပြီဖြစ်သည်။

"သဲသဲ နင် ဘယ်လိုဖြစ်လို့ ထူးထူးဆန်းဆန်း နောက်ကျနေတာလဲ"

"အိပ်ယာထ နောက်ကျသွားလို့"

"ဪ"

အိန္ဒြေ့အမေးကို ပြန်ဖြေပြီးသည့်နောက် သူ့နောက်က ခုံကို လှည့်ကြည့်လိုက်တော့ ခုံပိုင်ရှင်က မရောက်သေး။ သူ ဘယ်ဘက်လက်မှ နာရီကို ထပ်ကြည့်လိုက်မိတော့ ကျောင်းတက်ခေါင်းလောင်းတီးဖို့ ငါးမိနစ်သာ လိုတော့သည်။

"ကောင်းမွန် ထွန်းသော်က မလာသေးဘူးလား"

"ဟင် အင်း ခုထိတော့ မလာသေးဘူး"

"ဒီနေ့ ကျောင်းပျက်မယ် ပြောသေးလား မင်းကို"

"မပြောပါဘူး နေမကောင်းရအောင်လည်း မနေ့ကညနေက လေ့ကျင့်ရေးဆင်းတုန်းကတောင် အကောင်းကြီး ရှိသေးတယ်"

"အင်း"

တကယ်လည်း ထွန်းသော်က ကျောင်းတက်ခေါင်းလောင်းထိုးသည့်အထိ ရောက်မလာခဲ့ပါ။ ထွန်းသော်က ကျောင်းပျက်ရက် နည်းသည်မို့ မပျက်စဖူး ပျက်ရသည့်အကြောင်းအရင်းကို သူ တွေးနေရင်း မနေ့က သူတို့အချင်းချင်း နှစ်ကိုယ်ကြား ပြောခဲ့သည့်စကားတွေကို သတိရသွားသည်။

"မင်းကို အဲဒါက ချို့ယွင်းချက်ကြီးလို့ ဘယ်သူက ပြောလဲ သဲသဲ"

"အကုန်လုံးက ပြောတာ ထွန်းသော် အားလုံးက ပြောကြတာ"

"အားလုံးကဆိုတာ ဘယ်သူတွေလဲ မင်းကို တန်ဖိုးထားတဲ့သူတွေလား မင်းကို ဂရုစိုက်ပေးတဲ့သူတွေ ချစ်ပေးတဲ့သူတွေလား"

".........."

"အဲဒီလူတွေက ပြောတာ မဟုတ်ရင် မင်း ဂရုစိုက်စရာမလိုဘူး သဲသဲ မင်းကို တကယ်ချစ်တဲ့သူတွေ ဂရုစိုက်တဲ့သူတွေက မင်း ဘာကြီးပဲ ဖြစ်နေဖြစ်နေ မင်းကို လက်ခံပေးလိမ့်မယ်"

Paper RingsWhere stories live. Discover now