အပိုင်း (၂၂)

638 79 10
                                    

(Unicode)

"ရန်ကုန်တိုင်း ကျောင်းပေါင်းစုံ ဘော်လီဘောအားကစားပြိုင်ပွဲတွင် ပထမဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ပါသော စိန့်ဂျွန်လေ့ကျင့်ရေးအထက်တန်းကျောင်း၏ ဘော်လီဘောလက်ရွေးစင်အသင်းအား ကျောင်းအုပ်ဆရာမကြီးက ဂုဏ်ပြုဆု ချီးမြှင့်ပေးမည်ဖြစ်ပါ၍ အသင်းသားများအားလုံး ဆုယူရန် စင်မြင့်ထက်သို့ ကြွရောက်ကြဖို့ လေးစားစွာ ဖိတ်ကြားအပ်ပါသည်ရှင်"

ကျောင်းစုံညီ ပထမနေ့၏ ဆုပေးပွဲတွင် အစီအစဥ်တင်ဆက်သူလုပ်ရသော နေရည်က ဘော်လီဘောအသင်းကို ဆုယူရန် ကြေညာသည့်အချိန်တွင် အတော်လေးကို ဂုဏ်ယူနေသည့်ဟန်ပန်ဖြင့် မျက်နှာကို ချီကာ ကြေညာနေတာမို့ သူတို့တွေ စင်ပေါ်တက်ဖို့ တန်းစီရင်း နေရည် မကြားအောင် ခိုးရယ်ရသေးသည်။

အသင်းသားတွေကို ဂုဏ်ပြုဆုတံဆိပ်ကိုယ်စီ လိုက်ဆွဲပေးရင်း ဆရာမကြီးက ကျောင်းဂုဏ်ဆောင်ပေးလို့ ကျေးဇူးပါ သားတို့ ဆိုသည့်စကားကိုလည်း အထပ်ထပ်အခါခါ ပြောသေးသည်။

ဂုဏ်ပြုတံဆိပ်အပြင် ထပ်ရသည်က စာအိတ်တစ်အိတ်ဖြစ်သည်။ စင်အောက်ရောက်မှ ကြည့်တော့ အသင်းသားအားလုံး တစ်ယောက်ကို တစ်သောင်းစီ ဆုရလေသည်။ ထို့အပြင်လည်း ဆရာမကြီးက သူ့ကိုယ်ပိုင်ငွေထဲမှ ဘော်လီဘောအသင်းအတွက် ရန်ပုံငွေဆိုကာ ပိုက်ဆံတစ်သိန်းကိုပါ ဆုပေးလာသည်။

"အမှန်အတိုင်းပြောရရင် အဲဒီပိုက်ဆံတစ်သိန်းက ငါတို့နဲ့ မဆိုင်တော့ပါဘူးကွာ နောက်လူတွေနဲ့ပဲ ဆိုင်တော့မှာ"

လင်းစည်က ဆုပေးပွဲ ကျင်းပရာ စိန့်ဂျွန်ဟောအပြင်ဘက်ကို လမ်းလျှောက်ထွက်လာရင်း မကျေမနပ်ဖြစ်နေသည့်အသံဖြင့် ပြောလာသည်။

"တစ်သောင်း အလကား ရထားပြီးပြီပဲ မကျေနပ်သေးဘူးလား မင်းက"

"အဲဒီလိုတော့လည်း မဟုတ်ပါဘူး"

"ငါတို့ တကယ်ကြီး ဒီနှစ်ပြီးရင် ဘော်လီဘော မဆော့ရတော့ဘူးပေါ့"

ကောင်းမွန်က ရှုံ့မဲ့မဲ့ဖြင့် ပြောလာတော့ သူရော လင်းစည်ပါ ခြေလှမ်းတို့ကို ရပ်လိုက်မိသည်။

Paper RingsWhere stories live. Discover now