အပိုင်း (၁၄)

589 82 3
                                    

(Unicode)

"ဟင်း"

ထွန်းသော် သက်ပြင်းတစ်ချက်ချကာ ဘေးမှ အကြမ်းစာအုပ်ကို ပြန်လှန်လိုက်သည်။ ဒီပုစ္ဆာက သူ့ကို အတော် ဒုက္ခပေးနိုင်သည်။ တွက်နေတာ သုံးလေးခေါက် ရှိပြီ ဖြစ်သော်လည်း သူ အဖြေကို ရှာမတွေ့နိုင်သေး။ သူ အကြမ်းစာအုပ်ထဲတွင် နည်းလမ်းတစ်မျိုး ပြောင်းပြီး ခပ်သွက်သွက် ချတွက်လိုက်သည်။ နောက်ဆုံး ထွက်လာသည့် အဖြေက ဟုတ်သလိုလို ရှိသည်ထင်ရသော်လည်း အဖြေမှန် မဟုတ်သေးပါ။

ထွန်းသော် ခေါင်းကို ခပ်ဖြည်းဖြည်း ခါလိုက်သည်။ ဘွားလေး သူ့အတွက် ခေါ်ပေးထားသည့် ဂိုက်ဆရာက သဘောကောင်းပြီး အသင်အပြ စိတ်ရှည်ကောင်းမွန်သော်လည်း ခုလို ဉာဏ်စမ်းပုစ္ဆာတွေ ခဏခဏ တွက်ခိုင်းနေခြင်းကတော့ အဆင်မပြေလှပါ။ ဒီဉာဏ်စမ်းတွေက တကယ်ပဲ စာမေးပွဲမှာ ပါမှာရော ဟုတ်ရဲ့လား။

ထွန်းသော်က စာတော်သည်မှာ မှန်သော်လည်း သူသည် စာကြိုးစားခြင်းသက်သက်သာ ဖြစ်ပြီး စာလုပ်ရသည်ကို နှစ်သက်သည်ဟု မဆိုလိုချေ။

လက်မှနာရီကို ငုံ့ကြည့်လိုက်မိတော့ မုန့်စားကျောင်း ပြန်တက်ရန် ငါးမိနစ်သာ လိုတော့သည်။ ထွန်းသော်၏ ရှေ့မှ ခုံကတော့ ပိုင်ရှင်ကင်းမဲ့ဆဲ ဖြစ်သည်။ ဒီနေ့ သဲသဲတို့က မုန့်ဈေးတန်းရှိ ထမင်းစားဆောင်တွင် ထမင်းသွားစားကြသော်လည်း ထွန်းသော်ကတော့ ဤဉာဏ်စမ်းပုစ္ဆာများ ဒုက္ခပေးနေ၍ တစ်ယောက်ထဲ အခန်းထဲမှာ ကျန်နေရစ်ခဲ့ခြင်းဖြစ်သည်။ ပုံမှန် ခေါင်းလောင်းမထိုးခင် ဆယ်မိနစ်လောက်အလိုတွင် ပြန်လာတတ်သော်လည်း ဒီနေ့တော့ အနည်းငယ် နောက်ကျနေလေသည်။

ထွန်းသော် အခန်းတွင်းကို ဝေ့ဝိုက်ကြည့်လိုက်မိတော့ အနည်းငယ် ဆူညံလို့နေတာကို တွေ့လိုက်ရသည်။ သူတို့ (S)ခန်းက အားလပ်ချိန်တိုင်း စာကုန်းလုပ်နေကြတတ်သည့် စာဂျပိုးတွေသာ များသည်မို့ ပုံမှန်ဆို ယခုလို မုန့်စားကျောင်းဆင်းချိန်မျိုးမှာတောင် တိတ်ဆိတ်နေတတ်သည်။ သို့ပေမဲ့ ယနေ့တော့ ထူးထူးဆန်းဆန်း စကားများ၍ ဆူညံနေကြသလိုပင်။

ရုတ်ရုတ်သဲသဲ ဖြစ်နေသည့် အတန်းတွင်း အခြေအနေကို လျစ်လျူရှုရင်း ထွန်းသော် လွယ်အိတ်ထဲမှ iPodနှင့် earphoneကို ထုတ်လိုက်သည်။ နဂိုကထဲက ပုစ္ဆာက ခက်လို့ ခေါင်းခြောက်ရသည့်ကြားထဲ ဒီလို ဆူညံနေသည့် အခြေအနေနှင့်ဆိုလျှင် နားကြပ်မတပ်ပဲ သူ အာရုံစိုက်လို့ ရမည်မဟုတ်။

Paper RingsWhere stories live. Discover now