အပိုင်း (၁၃)

592 80 4
                                    

(Unicode)

သူ ပျင်းကြော ဆန့်လိုက်ပြီး သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။ ကိုးတန်းရောက်မှ အသစ် သင်ယူရသည့် ဘာသာရပ်တွေထဲ အခက်ဆုံးကို ပြောပြပါဆိုလျှင် ရူပဗေဒပဲ ဖြစ်လိမ့်မည်။ သို့သော်လည်း ရူပဗေဒ ခက်သည်က သူ့ကို တစ်သက်လုံး ဒုက္ခပေးလာသည့် သင်္ချာနှင့် ယှဥ်လျှင်တော့ ပြောပလောက်စရာ မရှိ။

အခုလည်း ဂိုက်နှင့် သင်္ချာ၊ ရူပဗေဒ နှစ်ဘာသာလုံးကို လေ့ကျင့်ပြီးသည့်နောက်မှာ သူ အတော်လေး ပြိုင်းသွားသည်။ လူပြိုင်းတာထက် ဦးနှောက်က ပိုပြိုင်းသွားတာဖြစ်သည်။

အညောင်းအညာပြေ အောက်ကို ခဏဆင်းရင်း ကော်ဖီဖျော်မည်ဟု တွေးလိုက်ကာ အောက်ထပ်ကို ဆင်းလာချိန် လှေကားရင်းနားအရောက်တွင် ဧည့်ခန်းက ဧည့်သည်၏ အသံကို ကြားလိုက်ရသည်။

"ကျေးဇူးတင်ပါတယ် မသူရယ် မသူတို့ ကူညီလို့သာ ဒီကိစ္စက ရှောရှောရှူရှူ ပြီးသွားတာ"

"ရပါတယ် ဆွေမျိုးသားချင်း မိသားစုတွေပဲ ဒါမျိုး ပြောစရာမလိုပါဘူး"

"ဒါဆို မသူတို့ကို မွန် ပေးဖို့ကျန်တာ အရင်းထဲက ငါးသိန်းပဲ ကျန်တော့မယ်နော်"

"ဟုတ်တယ် ဟုတ်တယ် ငါးသိန်းပဲ"

"အဲဒါလေးလည်း အမြန်ဆုံး ပေးနိုင်အောင် မွန် ကြိုးစားပါ့မယ်နော်"

"ရပါတယ် မွန်ရယ် အရမ်းလည်း ဖိအားမများပါနဲ့"

"သားလေးရော ဘယ်ရောက်နေလဲ"

"သူ့အခန်းထဲမှာ နေမှာပေါ့ သူ့ဂိုက်က ခုနကမှ ပြန်သွားတာ အဲဒီတော့ နားနေလား စာပဲ ဆက်လုပ်နေမလား မသိဘူး"

"သားက အခုရော အဆင့်(၁)တွေ ရတုန်းပဲလား"

"ဟုတ်တယ် သူက တာဝန်ကျေပါတယ်"

"မွန့်သားလည်း သော်ဇင့်တစ်ဝက်လောက် မှီရင် တော်ပါပြီ မသူရယ် ကလေးက အရမ်းတော်တယ်နော် စာ တအားကြိုးစားတာပဲ ရုပ်ကလေးကလည်း ချော စာကလည်း တော် ပစ္စည်းဥစ္စာလည်း ပြည့်စုံ နွဲ့နေတာလေးသာ ပြင်လိုက်ရင် ကြီးလားရင် ကောင်မလေးတွေ ဝိုင်းဝိုင်းလည်နေတော့မှာ"

Paper RingsWhere stories live. Discover now