အခန်း - ၁

2.6K 88 20
                                    

(Unicode)

ဆွေး - ၁

မောင်သိထားဖို့က ဒီစာဟာ ခေတ်နောက်ပြန်ဆွဲ​တဲ့သဘောလည်း မဟုတ်သလို၊ ကျွန်တော်ဟာ မောင့်ကိုတန်းတန်းဆွဲလိုချင်နေပါတယ်ဆိုတဲ့ သဘောမျိုးလည်း မဟုတ်ဘူးဆိုတာပါပဲ​။ ဒီစာဟာ ဒီအတိုင်း ဘယ်လိုမှ မဖြစ်နိုင်တော့တဲ့အတွက် အသိပေးလိုတဲ့ စာတစ်စောင်ပဲ။ ဒီစာကိုမြင်တဲ့အခါ မောင်ကကျွန်တော့်အပေါ်ကို မောင်ကြိုက်တဲ့ခေါင်းစဥ်နဲ့ မောင့်စိတ်ကြိုက် မောင်တပ်နိုင်တယ်။ ဒီစာဟာ ဘာကိုရည်ရွယ်ချင်သလဲဆိုတာကိုတော့ မောင်သိနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဟုတ်တယ်။ ဒီစာထဲက အဓိက အကြောင်းအရာကတော့ မောင့်ကိုကျွန်တော် လက်လွှတ်လိုက်ပြီဆိုတာကို မောင့်ကိုဖွင့်ဟပြောတဲ့ စာတစ်စောင်ပါ။

နှုတ်ကမရဲသေးလို့ စာနဲ့ပဲ​ပြောလိုက်ရတဲ့အတွက်တော့ စိတ်မကောင်းပါဘူး။ မ​ကြောက်သွားပါနဲ့မောင် ကျွန်တော်က မောင်တို့နှစ်ယောက်ကို ဘာမှ လုပ်မှာမဟုတ်ပါဘူး။ မောင့်သတ္တိတွေကို မောင်သိပ်ချင်တဲ့ အဲဒီအမျိုးသမီးဆီမှာပဲ ပြလိုက်ပါတော့။ နှုတ်ဆက်ပါတယ်မောင်။ ဒါဟာ မောင်လို့ကျွန်တော့်အနေနဲ့ နောက်ဆုံးခေါ်ခြင်းပါပဲ ကိုခေတ်ညို။

ရေးပြီးသားစာကို အချိန်အကြာကြီးစိုက်ကြည့်ရင်း မျက်ဝန်းမှမျက်ရည်တို့ ဝေ့သီလာသည်။ မောင့်ကိုကျွန်တော် လက်လွှတ်လိုက်သည်မှာ သေချာနေပြီမို့ ကျွန်တော် မောင့်အကြောင်းများစွာကို အတွေးထဲက ထုတ်ပစ်လိုက်သည်။ နှစ်အတော်ကြာအတူနေခဲ့သည့်အိမ်ထဲမှ နှုတ်မဆက်ဘဲ ထွက်လာခဲ့ပြီ။ စာတစ်စောင်ပေါ်၌ သော့အပိုတစ်ခုကိုတင်ရင်း သည်အတိုင်း အထုပ်ဆွဲ၍သာ ထွက်လာမိခြင်း။

ဤအိမ်ကလေးကို မောင်နှင့်ကျွန်တော် အတူနေကြမည်ဟု ဆုံးဖြတ်လိုက်ကြပြီးကတည်းက နှစ်ယောက်အတူ အလုပ်လုပ်ရင်း ဝယ်ခဲ့ကြခြင်းဖြစ်သည်။ လွန်ခဲ့သည့်လက အိမ်၏အရစ်ကျငွေအားလုံး ကျေသွားခဲ့ပြီဖြစ်ပြီး အခုတော့ ကျွန်တော်နှင့်မောင်တို့ကြားက ဝဋ်ကြွေးကလေးများလည်း ကျေသွားခဲ့လေပြီ။

ငါးနှစ်ကျော်အတူရုန်းပြီးမှရခဲ့သည့် ဤအိမ်ကလေးကိုနောက်ဆုံးအနေဖြင့်ငေးရင်း ကျွန်တော်ထွက်လာခဲ့သည်။ ကျွန်တော်အခု ဘယ်သွားရမလဲ? မေမေ့ဆီကိုပဲ ပြန်ရမလား? ဒါမှမဟုတ် အဆောင်တစ်ခုခုကိုပဲငှားပြီး ဘဝကို ရပ်တည်ရမလား? လက်တလောတော့ ကျွန်တော့်ခေါင်းထဲ ဘာမျှ မည်မည်ရရ မရှိသေးပေ။

| ဆွေး ~ Đaçaÿ |Where stories live. Discover now