အခန်း - ၈

471 31 3
                                    

(unicode)

ဆွေး - ၈

ပြတင်းပေါက်မှနေရောင်က ကျွန်တော့်မျက်နှာပေါ် တိုက်ရိုက် ထိုးကျနေသည်။ မျက်လုံးတို့က ကျိန်းစပ်နေပြီး အိပ်ရေးဝသည့်ခံစားချက်မျိုး ကျွန်တော်ခံစားမရသေးပါ။ ဆက်အိပ်ချင်ပါသော်လည်း မနေ့က ရက်ရွှေ့ထားသည့် ကြော်ငြာများကို သည်ကနေ့ ရိုက်ပေးရမည်ဖြစ်၍ ဆက်အိပ်၍မရတော့ချေ။ လေပူတစ်ချက်မှုတ်ထုတ်ကာ အိပ်ရာမှထလိုက်ပြီး ရေချိုးခန်းသို့တန်းဝင်ကာ ရေချိုး၍ ထွက်လာလိုက်သည်။

မီးဖိုခန်းတွင် မသဲစုက ကြိုရောက်နှင့်နေပြီးဖြစ်သည်။ မသဲစုက ကျွန်တော့်ထက် ပိုတက်ကြွနေဟန်ရှိပြီး သီချင်းတအေးအေးနှင့် နံနက်စာပြင်လျက်ရှိ၏။ ကျွန်တော့်ကိုမြင်တော့ ပြုံးပြပြီး စားပွဲ၌ထိုင်ရန် အချက်ပြသည်။ ကျွန်တော်ထိုင်ပြီးသည်နှင့် သတင်းစာစာရွက်ကို ကျွန်တော့် ဘေးနားသို့ချပေးပြီး နံနက်စာကိုလည်း တပါတည်း ချလာပေးသည်။

” မသဲစုပါ တခါတည်း စားလိုက်ပါလား ”

” အစ်မစားပြီးပြီ မင်းသားရဲ့ သွက်သွက်ကလေးတော့စားနော်၊ မနေ့ကအကြွေးတွေရှိသေးတယ် ”

ကျွန်တော်သိပါတယ်ဟူသည့်သဘောနှင့် မသဲစုအားပြုံးပြကာ ပုခုံးတွန့်ပြလိုက်သည်။ ယနေ့သတင်းစာကတော့ ထွေထွေထူးထူးမရှိ။ မနေ့က မင်းသားသစ်မိတ်ဆက်ပွဲနှင့်ပတ်သက်သော သတင်းများကိုသာ ရေးထားခြင်းဖြစ်၏။ ကျွန်တော့်အကြောင်းမပါသဖြင့် စိတ်သက်သာရာရစွာ နံနက်စာကိုသာ အရသာခံကာ စားနေလိုက်တော့သည်။

” ပြီးပြီဆို အစ်မတို့သွားကြတော့မလား၊ ပစ္စည်းတွေအားလုံးက အစ်မ ကားထဲထည့်ပြီးပြီ ”

” တအားကြိုးစားတယ်နော် အစ်မ ”

ကျွန်တော်က ​စလိုက်တော့ မသဲစုက အလုပ်သဘောပါဟူသည့်သဘောဖြင့် ပုခုံးတွန့်ပြ၏။ ထို့နောက် ကွန်ဒိုမှထွက်ကာ အောက်ထပ်သို့ ဆင်းလာလိုက်သည်။ ယခုနေနေသည့် နေရာက လူသိပ်မရှိသေးဘဲ အသစ်ဆောက်ထားသော ကွန်ဒိုသာဖြစ်၏။ ကျွန်တော်အပါအဝင် လက်ရှိနေနေသူက မိသားစု ငါးခုသာ ရှိသေးသည့်အတွက် လူရှင်းသည်။ ကျွန်တော်နေသည့်သုံးလွှာတွင်တော့ ကျွန်တော်တစ်ယောက်သာရှိပြီး ကျန်သည့်မိသားစုများက အထပ်မြင့်များတွင်ဖြစ်၏။

| ဆွေး ~ Đaçaÿ |Where stories live. Discover now