(unicode)
ဆွေး - ၉
ဘဝမှာ ပြိုလဲစရာတွေ ရှိခဲ့လို့ ပြိုလဲခဲ့ရင်တောင် ဂျေးအနားမှာ မောင်ရှိတယ်ဆိုတဲ့စိတ်နဲ့ပဲ ကိုယ့်ကိုယ်ကို အားတင်းခဲ့ရတာပါ။ အခု ဂျေးရဲ့ အနားမှာ မောင်မရှိတော့ဘူးဆိုတဲ့ အသိစိတ်ဟာ ဂျေးရဲ့အနာဂါတ်ကို ဘယ်လောက်အထိ ထိုးနှက်နေခဲ့ကြောင်း မောင်သာသိခဲ့ရင် သိပ်ကောင်းမယ်။ လူတစ်ယောက်အပေါ်မှာ မှီခိုတယ်ဆိုတာ ခပ်ညံ့ညံ့ယောကျ်ားတွေရဲ့အလုပ်လို့ မောင်အမြဲပြောခဲ့တာဟာ တစ်ချိန်ချိန်မှာ မောင်ထွက်သွားခဲ့ဖို့အတွက်များ ဂျေးကိုကြိုတင်သတိပေးနေခဲ့တာများ ဖြစ်နိုင်သလား။ ဂျေးမတွေးတတ်တော့ဘူးမောင်ရယ်။ မောင်သာရှိခဲ့ရင်ဆိုပြီး စိတ်ကူးယဥ်ခဲ့ပေမဲ့ အိပ်မက်ဟာ အိပ်မက်ပါပဲမောင်ရယ်။
တွေ့ဆုံရခြင်းဟာ ဝေးကွာဖို့ရဲ့ လမ်းစလို့ဂျေးသိခဲ့ရတော့ လူတွေနဲ့ တွေ့ဆုံဖို့ကိုတောင် ဂျေးကြောက်တတ်လာခဲ့တယ်မောင်။ အခုလည်း ဂျေးအနားကို လူတစ်ယောက် ရောက်လာခဲ့ပြီ။ သူဘယ်လိုချဥ်းကပ်နေသလဲဆိုတာ ဂျေးအတိအကျမသိပေမဲ့ ဂျေးဘဝထဲကို လူသစ်တွေထပ်မခေါ်ချင်တော့ဘူး။ အဆုံးသတ်မှာ ဘယ်သူ့ကိုမှ မနာကျင်စေချင်ဘူးမောင်။ အထူးသဖြင့်တော့ ဂျေးထပ်ပြီး နာကျင်မှုရဲ့ဒဏ်ကို ထပ်ပြီးမခံစားနိုင်တော့ပါဘူးမောင်ရယ်...။
” ဂျေး ခင်ဗျားမအိပ်သေးဘူးလား ”
ဧည့်ခန်းမှာထိုင်ကာ မောင့်အကြောင်းတွေးနေခိုက် ကျွန်တော့်အခန်းထဲမှ ထိုကောင်လေးထွက်လာပြီး ပြောခြင်းဖြစ်သည်။ ဆံပင်တို့က ကပိုကရိုနှင့် ရှုပ်နေပါသော်လည်း ရုပ်ခံကောင်းသည့် မျက်နှာကျကြောင့် ကပိုကရိုလေးကပင် ကြည့်၍ကောင်းနေ၏။ ကျွန်တော့်ရှေ့တည့်တည့်ခုံတွင် ခြေချိတ်ကာဝင်ထိုင်ရင်း သူ့မျက်လုံးတို့က ကျွန်တော့်ကိုကြည့်နေသည်။
ချက်ချင်းပဲ သူ့မျက်ဝန်းနှင့် မဆုံစေရန် အကြည့်ကို လွှဲဖယ်ပစ်လိုက်ရသည်။ သူ့အကြည့်တို့က မောင်နှင့်တူသည်။ စူးရှသည်၊ တောက်ပသည်၊ ညှို့နိုင်စွမ်းလည်း ရှိနေပြန်သည်။ မောင်နဲ့တွေ့တွေ့ချင်း မောင့်မျက်လုံးအကြည့်တွေအောက် ကျရှုံးခဲ့ရသောကျွန်တော်က မောင်နှင့်တူသောထိုအမျိုးသားထံတွင် ထပ်ပြီး မကျရှုံးချင်တော့ပေ။
YOU ARE READING
| ဆွေး ~ Đaçaÿ |
Romanceချစ်သူချင်း ပေါင်းဖက်ရသောကမ္ဘာ၌သာ လူ့အဖြစ်ကိုကျွန်တော်ရချင်၏။ ဖူးစာသာပါလျှင် ငှက်ကလေးများပင် အတူပျံသန်းခွင့် ရပါသည်။ ကိုကိုး ၂၇၊၁၊၂၀၂၄