အခန်း - ၆

539 33 2
                                    

(Unicode)

ဆွေး - ၆

အချစ်ဆိုတာက ဘယ်လိုအရာမျိူးလဲဆိုတာကိုတောင် ကျွန်တော်မသိတော့တဲ့အထိ မေတ္တာနဲ့ပတ်သက်ပြီး အတော်လေး အထိနာခဲ့ရပါပြီ။ မောင်ကတကယ်ကိုပဲ ရက်စက်လွန်းတယ်။ မောင်နဲ့ပတ်သက်လာရင် ကိုယ့်ကိုယ်ကို ပြတ်သားခဲ့ပြီထင်ခဲ့ပေမဲ့ မောင့်ရှေ့မှာရှိနေပါလျက် ဝေးနေပြီဆိုတဲ့အသိက ရင်ကိုနာကျင်လိုက်တာမှ လောလောလက်လက်အနာကို ခလုတ်တိုက်မိသလို တဆတ်ဆတ်ခါအောင် နာကျင်ရတယ်။ မောင်ကတော့ နေနိုင်ပါတယ်။ မနေနိုင်တာက ကျွန်တော်ရယ်ပါ။

ရိုက်ရက် ငါးလအတွင်းမှာ ကျွန်တော်က ပိတ်ကားထက်မှာ သရုပ်ဆောင်ရသလို၊ မောင့်ရှေ့မှာလည်း နေနိုင်ပါပြီဆိုတဲ့ အိုက်တင်နဲ့ သရုပ်ဆောင်ရတယ်။ ကျွန်တော့်အကြောင်းကို အသိဆုံးမသဲစုကတော့ ကျွန်တော့်ကိုကြည့်ပြီး သက်ပြင်းတချချပေါ့။ ဘယ်တတ်နိုင်မှာလဲနော်၊ ဒီလမ်းကို ကျွန်တော်ကိုယ်တိုင် ရွေးခဲ့တာပဲ။ အနားမှာရှိပြီး နာကျင်နေရတာထက်စာရင် ခပ်ဝေးဝေးက နာကျင်နေရတာက ကျွန်တော်ရော မောင့်အတွက်ရော နှစ်ဖက်လုံးအတွက် အဆင်ပြေမှာပါ။ ကျွန်တော့်အတွေးဟာ မှားများနေသလားဆိုတဲ့ သံသယမျိူး ဒီရက်တွေမှာ ခဏခဏဖြစ်တယ်။ လမ်းဆုံးကို ကြိုသိနေခဲ့ရင် ကျွန်တော် ဘယ်လိုရွေးချယ်သင့်သလဲ။

” ဟဲလို မင်းသား Facebook ပေါ်တက်ပြီးပြီလား၊ မင်းသားရဲ့ အခုရုပ်ရှင်နဲ့ပတ်သက်ပြီး comment အကောင်းတွေချည်း တက်နေတယ်နော် ”

” ဟုတ်လားမသဲစု ကျွန်တော်မတက်ဖြစ်သေးပါဘူးဗျာ၊ တက်ကြည့်လိုက်ပါ့မယ် ”

” မင်းသားအသံက ဘာဖြစ်နေတာလဲ၊ နေများမကောင်းလို့လား မသဲစုလာခဲ့မယ်လေ ”

စိတ်မပါလက်မပါ ​ပြောနေသော လေသံကြောင့် မသဲစုဘက်မှ မေးလာခြင်းဖြစ်၏။ မသဲစုက ကျွန်တော့်အတွက် မန်နေဂျာ ဆိုခြင်းထက် ကျွန်တော့်အစ်မအရင်းသဖွယ် ဖြစ်နေပြီဖြစ်သည်။ တစ်ယောက်တည်း ယောင်လည်လည် ဖြစ်နေသည့်အတွက် မသဲစုကို လာခဲ့ဖို့ ပြောလိုက်သည်။ နာရီဝက်ခန့်အကြာတွင် မသဲစုအိမ်သို့ရောက်လာခဲ့သည်။

| ဆွေး ~ Đaçaÿ |Where stories live. Discover now