(unicode)
ဆွေး -၁၇
” မင်းသားတို့ရောက်လာကြပြီလား၊ အားနာလိုက်တာဗျာ ကျွန်တော်ခုဏက ဒါရိုက်တာနဲ့စကားပြောနေလို့၊ ပြီးတော့ ရိုက်ကူးရေးအတွက် လိုအပ်တဲ့ စက်တင်တွေလည်းချဖို့ပြင်ဆင်နေတော့ ဖုန်းနားမရှိဘူးဖြစ်သွားတယ် ”
” ရတယ် ကိုကျော်လင်း အခုလည်းအဆင်ပြေပါတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ရောက်လာခဲ့ပြီပဲကို ”
သူတို့ကိုမြင်တော့ ကိုကျော်လင်းက ခရီးဦးကြိုဆိုပြုကာ အားနာစွာစကားဆိုသည်။ သူက အဆင်ပြေကြောင်းပြောလိုက်ပြီး ထိုလူကိုလည်း ကျေးဇူးတင်စကားဆိုလိုက်သည်။ ကိုကျော်လင်းက အားနာမှုမပြေသေးဘဲ အကြိမ်ကြိမ်တောင်းပန်နေသည့်အတွက် သူ့မှာ အနေခက်ရပြန်သည်။ ထိုအခါ မင်းမဟော်ကဘေးမှမနေနိုင်တော့ဘဲ ဝင်ပြောရလေတော့သည်။
” ခုမှ အားနာနေလို့လည်း ဘာမှထူးမသွားပါဘူး၊ အဲဒါတွေကထားလိုက်ပါ ကျွန်တော်တို့နှစ်ယောက်လုံးလည်း အဆင်ပြေပါတယ်၊ အခုလုပ်ချင်တာက ရေချိုးပြီးနားချင်နေတာမို့ ကျွန်တော်တို့အတွက် ဘယ်နေရာမှာ ပြင်ဆင်ထားလဲမသိဘူး ”
” သြော်..ဟုတ်သားပဲ ကျွန်တော်မေ့နေတာ လာလာ ကျွန်တော်လိုက်ပြပါ့မယ်၊ မင်းသားတို့နှစ်ယောက်လုံးက လုံးချင်းပျဥ်ထောင်အိမ်လေးမှာ အပေါ်တစ်ယောက် အောက်တစ်ယောက်နေရမှာဗျ၊ ဒီကားအတွက် ရင်းနှင်းမှုလည်းရအောင် တစ်နေရာတည်းပဲစီစဥ်လိုက်တာ အဆင်မပြေတာရှိလားဗျ ”
ကိုကျော်လင်းစကားကြောင့် သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ထို့နောက် ပြိုင်တူခေါင်းယမ်းပြလိုက်ကြလေသည်။ ထိုအခါကိုကျော်လင်းက သူတို့နှစ်ယောက်နေရမည့်အိမ်အား ရှေ့မှဦးဆောင်ကာ ခေါ်ဆောင်လာသည်။
အိမ်သည် ကျေးလက်သဘာဝ နှစ်ထပ်ပျဥ်ထောင်အိမ်ကြီးဖြစ်ပြီး ဝိုင်းအကျယ်ကြီးထဲတွင် ဆောက်ထားခြင်းဖြစ်၏။ ဝိုင်းထဲတွင် မန်ကျည်း၊ သရက်၊ ပိန္နဲ၊ ကုက္ကိုလ်စသော အပင်ကြီးများရှိပြီး နေချင်စဖွယ်ကောင်းနေသည်။ အပြင်အဆင်သည်လည်း ရှင်းသန့်နေပြီး မင်းသားနှစ်ယောက်နေရမည့်အတွက် အသေအချာပြင်ဆန်ထားဟန်မျိုးမဟုတ်ဘဲ ယခင်ကတည်းက ထိုကဲ့သို့ ရှင်းသန့်နေဟန်ရှိသည်။ သူတို့ရောက်လာသည့်အခါ ဝိုင်းအနောက်မှ လူကြီးတစ်ယောက်ထွက်လာပြီး သူတို့အားပြုံး၍ကြိုဆိုသည်။
YOU ARE READING
| ဆွေး ~ Đaçaÿ |
Romanceချစ်သူချင်း ပေါင်းဖက်ရသောကမ္ဘာ၌သာ လူ့အဖြစ်ကိုကျွန်တော်ရချင်၏။ ဖူးစာသာပါလျှင် ငှက်ကလေးများပင် အတူပျံသန်းခွင့် ရပါသည်။ ကိုကိုး ၂၇၊၁၊၂၀၂၄