Chapter-15

123 7 0
                                    

ဆန္ဒနဲ့တစ်ထပ်တည်းမကျတဲ့ဘဝမှာ အချိန်တွေကုန်တာတအားမြန်ပါတယ်။ ဘာလိုလိုနဲ့အရိပ်ပြာကလေးလည်း ရိပေါ်ဆီကခဏတာပျောက်သွားဦးမယ်။ အချိန်တန်တော့ပျံသန်းသွားမယ့်ငှက်ကလေးကိုလွမ်းဖျားလွမ်းနာကျရမယ့်သူဟာ သူဆိုတဲ့သစ်ကိုင်းကလေးပေါ့။ ဝမ်ရိပေါ်ဆိုတဲ့သစ်ကိုင်းကလေး။ ပျံသန်းသွားမယ့်ငှက်ကလေးကို သစ်ကိုင်းကလေးလွမ်းရတာသဘာဝဆိုရင်တောင် သူအသားကျအောင်မနည်းကြိုးစားနေရပါတယ်။ ဒီနေ့ကသောကြာနေ့၊ တစ်နည်းအားဖြင့်တိတိကျကျနဲ့အရှင်းဆုံးပြောရရင် စီနီယာအစ်ကိုကြီးပေကျင်းကိုပြန်တော့မယ့်နေ့။

ညနေကျောင်းဆင်းလာတည်းက ရေကိုခပ်မြန်မြန်ချိုးပြီး မားမားနဲ့အတူစီနီယာအစ်ကိုကြီးတို့အိမ်ကိုရောက်နေခဲ့တာ။ မားမားကတော့ထုံးစံအတိုင်း စီနီယာအစ်ကိုကြီးဟိုကိုရောက်ရင်စားဖို့အကြော်အလှော်တွေကိုအထားခံအောင်ဘူးကလေးတွေနဲ့သေချာထုတ်ပြီးယူလာတယ်။ ရိပေါ်ကတော့ ကျောင်းမုန့်စျေးတန်းကဝယ်လာတဲ့Apple Juiceဘူးတွေတပွေ့တပိုက်နဲ့။

"ကျောင်းပိတ်ရက်ကတိုလိုက်တာ အားကျန့်ရယ် မားဖြင့်လွမ်းလို့တောင်မဝသေးတာကို"

ကားအဖြူလေးရဲ့အနားမှာကျောပိုးအိတ်အပြာနုရောင်လေးလွယ်​ပြီးရပ်နေတဲ့စီနီယာအစ်ကိုကြီးကိုကြည့်ပြီး ယင်းအားရီကဆိုပါတယ်။ ယင်းအားရီရဲ့ခံစားချက်ကိုရိပေါ်သိပ်နားလည်တယ်။ ယင်းအားရီမှမဟုတ်ဘူး၊ ရိပေါ်လည်းလွမ်းလို့မဝသေးဘူး၊ကြည့်လို့မဝသေးဘူး၊ ပြီးတော့ချစ်လို့လည်းမဝသေးပါဘူး။ အချိန်ကာလတွေကသိပ်တိုတောင်းပါတယ်။ ရပ်ထားလို့မရ၊ကျော်ပစ်လို့မရတာမို့ သိပ်စိတ်ညစ်စရာကောင်းတယ်။

"အားကျန့်လေး အားရီတို့ကိုဖုန်းဆက်ဦး
ကျန်းမာရေးလည်းဂရုစိုက်"

"ဟုတ်ကဲ့ပါ အားရီ"

သားငယ်ကလေးအဝေးကိုထွက်သွားသလိုတတွတ်တွတ်မှာနေတဲ့မားမားကို စီနီယာအစ်ကိုကြီးကခပ်ဖွဖွပြုံးရင်းခေါင်းညိမ့်ပြတယ်။ စီနီယာအစ်ကိုကြီးပြုံးရင်သိပ်ကြည့်လို့ကောင်းပေမယ့် ရိပေါ်ရဲရဲမကြည့်ရဲဘူး။ တစ်ခါပြုံးရင်တစ်ဘဝစာလုံးချစ်မိမှာမို့ ငှက်ကလေးမရှိတဲ့အခါသူ့အလွမ်းတွေထုထည်တအားများလာမှာရိပေါ်စိုးရိမ်ပါတယ်။

Came From Deepest SomewhereWhere stories live. Discover now