Chapter-20

134 8 0
                                    

ဆေးရုံဆိုတဲ့နာမည်အတိုင်း ဘေးပတ်ပတ်လည်မှာဆေးနံ့တွေမွှန်ထူနေတယ်။ ဆရာဝန်တွေ၊သူနာပြုတွေကလည်းကိုယ့်အလုပ်နဲ့ကိုယ်ဟိုပြေးဒီပြေး။ ရိပေါ်ဆေးရုံကိုရောက်နေတယ်။ အတိအကျပြောရရင် ယင်းအားရီကိုရုတ်တရက်ဆေးရုံတင်လိုက်ရာကနေစတာဘဲ။ မနက်ကဟင်းသွားပို့တော့ယင်းအားရီကရိပေါ်ခေါ်နေ​တာကိုပြန်မဖြေသလို အရင်အကြိမ်တွေတုန်းကလိုမျိုး ဖြတ်ခနဲလက်သွားတတ်တဲ့မျက်ဝန်းတွေကိုလည်းမမြင်ရဘူး။ ဧည့်ခန်းရဲ့ဆိုဖာကလေးပေါ်မှာ ခွေခွေကလေးအိပ်ပျော်နေတယ်။ ရိပေါ်ကလှုပ်နှိုးပေမယ့် ယင်းအားရီကနိုးမလာခဲ့ပါဘူး။ ပြီးတော့အသက်ရှူသံကတအားကိုတိုးလျလွန်းနေခဲ့သေးတယ်။ ရိပေါ်ကအရမ်းလန့်သွားတယ်။ ဘာလုပ်ရမှန်းလည်းမသိဘူး။ မားမားကိုပြေးခေါ်လိုက်တာကလွဲရင် ရိပေါ်လုပ်နိုင်တာမရှိခဲ့ဘူး။

"ရိပေါ်"

နွမ်းလျဖျော့တော့နေတဲ့အသံနဲ့မားမားက လူနာစောင့်ခုံတန်းမှာထိုင်နေတဲ့ရိပေါ်အနားကို ရောက်လာတယ်။ မားမားမျက်ဝန်းတွေကနီရဲနေတယ်။ ရိပေါ်သိပါတယ်။ မားမားငိုထားတယ်ဆိုတာ။

"အားရီရော အားရီအဆင်​ပြေရဲ့လား မား"

ရိပေါ်မေးတော့ မားမားကခေါင်းယမ်းရင်းမျက်ရည်တွေနဲ့ရှိုက်ငိုတယ်။ အတော်ကြာသည်အထိရိပေါ်ကိုဘာမှမပြောလာဘူး။

"ရှောင်ယင်းကထားသွားပြီ အားလုံးကို"

ပြောလက်စ,စကားကိုရပ်ပြီး မားမားကရှိုက်ငိုနေသေးတယ်။ ယင်းအားရီဆုံးသွားပြီပေါ့။ ရိပေါ်ရင်ထဲတင်းကျပ်နေတယ်။

"အပူအပင်ကင်းကင်းနဲ့ အားကျန့်ကိုရော မားမားကိုရောသူထားသွားပြီ ရိပေါ်ရဲ့"

မားမားကစကားဆက်မပြောနိုင်တော့ဘူး။ ရိပေါ်ကိုဖက်ပြီးကျောတွေတသိမ့်သိမ့်တုန်အောင်ငိုနေတယ်။ ရိပေါ်ရဲ့အဖြူရောင်ရှပ်လက်တိုလေးရဲ့နောက်ကျောက မားမားရဲ့မျက်ရည်တွေနဲ့စိုနေတယ်။ သည်းသည်းထန်ထန်ငိုနေတဲ့မားမားရဲ့ပုခုံးကို ခပ်ဖွဖွပုတ်ရင်းနှစ်သိမ့်ပေးတာကလွဲရင် ဘာလုပ်ပေးရမယ်ဆိုတာရိပေါ်မသိဘူး။ ရိပေါ်ကိုယ်တိုင်လည်းဆို့နင့်နေတယ်။ စီနီယာအစ်ကိုကြီးနဲ့တွေ့ရင် ရိပေါ်ဘယ်လိုပြောပြရမလဲ။ အသက်ကြီးလာလို့လူကြီးရောဂါနဲ့ဆုံးပါးရတယ်ဆိုတာထက် ကျန့်ကောအနားမှာမရှိခြင်းဆိုတဲ့အကြောင်းပြချက်နဲ့စတင်ပြိုလဲခဲ့တဲ့ယင်းအားရီရဲ့စိတ်တွေကပိုပြီးထုထည်ကြီးမားပါတယ်။ အသံကြားတိုင်းကျန့်ကောလို့ထင်တတ်လာတဲ့အခါ၊တားလိုက်မိတာသိပ်မှားတာဘဲလို့တစ်ကိုယ်တည်းကြိတ်တွေးမိတဲ့အခါ၊ကျန့်ကောတော့သူမကိုအမုန်းကြီးမုန်းနေမှာဘဲလို့ကိုယ့်အတွေးနဲ့ကိုယ်ပြန်သတ်နေတဲ့အခါ ယင်းအားရီကတစ်ချိန်လုံးပြိုလဲနေခဲ့တာပါဘဲ။ အခုတော့ပြိုလဲရတာပင်ပန်းလာတဲ့ယင်းအားရီကအရာအားလုံးကိုလွှတ်ချသွားခဲ့ပြီ။ ရိပေါ်ကိုတော့တာဝန်လှလှတစ်ခုပေးအပ်ပြီး သူမကိုယ်တိုင်ကတော့လွတ်မြောက်လမ်းကိုရှာသွားခဲ့ပြီ။ ဘယ်လိုဘဲဖြစ်ဖြစ် သူမ,မရှိတော့ရင်တောင်ကျန့်ကောကိုပြန်ခေါ်လာပေးဖို့တဖွဖွမှာခဲ့တဲ့အားရီကြောင့်ရော၊ရိပေါ်ကိုယ်တိုင်ရဲ့စိတ်အလိုကြောင့်ရော ကျန့်ကောကိုရိပေါ်ရှာဦးမယ်။ ရေအဆုံးမြေအဆုံး၊စကြဝဠာအဆုံး။

Came From Deepest SomewhereWhere stories live. Discover now