Chapter 9

2K 172 0
                                    

The Richest Daughter is Three and a Half Years Old Chapter 9 :
မြောင်မြောင်သည် နှစ်နာရီနီးပါး အိပ်ပျော်နေခဲ့ပြီး သူမ နိုးလာသောအချိန်တွင် ဖူ့ရုံကတော့ မရှိတော့ပေ။ သို့သော် ဝိန်ဖုချိန်ကတော့ ကုတင်ပေါ်တွင် ရှိနေသေး၏။
မြောင်မြောင်သည် ငူငူငိုင်ငိုင်ဖြင့် ထိုင်နေခဲ့ပြီး သူမ မျက်လုံးကို ပွတ်ကာ ဆိုလိုက်သည်။
"ဖေဖေ အိမ်ကနေ ကြိုဆိုပါတယ်"
သူမ နိုးလာတာကို မြင်တော့ ဝိန်ဖုချိန်သည် ပြုံးလျက် သူမအား ပွေ့ဖက်လိုက်ရင်း နဖူးလေးအား အသာယာ နမ်းရှုပ်လိုက်သည်။
"သမီးလေးကို မတွေ့တာတောင် ကြာပြီ …တို့မင်းသမီးလေး ဒီဖေဖေကြီးကို သတိမရဘူးလား"
"ရတာပေါ့"
မြောင်မြောင်သည် သူ၏ နူးညံ့သော လက်ကလေးဖြင့် ဖခင်ဖြစ်သူ၏ မျက်နှာကို ကိုင်ကာ ထပ်ဆို၏။
"ဖေဖေ ပိန်သွားတယ်…အသားများများစားနော် …မဟုတ်ရင် ကြည့်မကောင်းဘဲ နေတော့မယ် …အဲ့လိုကြ မေမေရော သမီးပါ မကြိုက်တော့ဘူးနော်"
"ဟုတ်ပါပြီဗျာ…ဒီနေ့ကစပြီး အသားများများစားပါ့မယ်"
ဝိန်ဖုချိန်သည် ဘေးနားတွင် ဖူ့ရုံတင်ပေးထားသော အိမ်နေရင်းဝတ်စုံလေးကို ကောက်ယူလိုက်ကာ မြောင်မြောင်အား ဝတ်ဆင်ပေးလိုက်သည်။
မြောင်မြောင်သည် အိမ်နေရင်း အားကစားဝတ်စုံ ဝတ်ရသည်ကို အလွန်ကြိုက်၏။ အဘယ်ကြောင့်ဆိုသော် သူမသည် စကပ် ဝတ်ရသည်ကို ကြိုက်တတ်သည်ဖြစ်ရာ ထိုဝတ်စုံမှာ အားကစားဝတ်စုံ ဆိုရင်တောင် စကပ်ကိုသာ ရွေးချယ်ဦးမည် ဖြစ်သည်။
အိမ်တွင် လေအေးပေးစက် ဖွင့်ထားသည့်အပြင် အပူချိန်မှာလည်း မှန်ကန်သော အပူချိန်ဖြစ်အောင် ချိန်ညှိထား၏။ သို့ဖြစ်၍ သူမအနေဖြင့် စကပ်ဝတ်ထားတောင် အအေးဒဏ်ကို ခံစားရမည် မဟုတ်။ အိပ်ယာမှ ထလာပြီးနောက် သူမသည် သူမ၏ ကိုယ်ပိုင်အခန်းဆီသို့ ပြန်သွားခဲ့၏။
ဖူ့ရုံက လှမ်းပြောလိုက်သည်။
"သမီး မနက်ဖြန် ကျောင်းစတတ်ရတော့မှာနော်…ဒီနေ့ကတည်းက အိမ်စာတွေကို ပြီးအောင်လုပ်ထားတော့"
"ဟုတ်"
မြောင်မြောင်သည် လိမ်လိမ်မာမာဖြင့် သဘောတူလိုက်၏။ ပြီးနောက် ယုန်ဖိနပ်လေးစီးကာ အိပ်ခန်းထဲသို့ ပြေးဝင်သွားခဲ့ပြီး ဆောင်းရာသီပိတ်ရက်အိမ်စာများမှာ သူမရေးထားသည်နှင့် ကိုက်မကိုက် စစ်ဆေးနေခဲ့သည်။
သူမ၏ ဆောင်းရာသီပိတ်ရက် အိမ်စာများ အကုန်ပြီးသွားမှန်း တိုက်စစ်ပြီးသည်နှင့် အမေ့ထံ ပြေးကာ ဆိုလိုက်သည်။
"မေမေ သမီးအကုန်ရေးပြီးသွားပြီ"
"ကောင်းပြီလေ ဒီနှစ်စာသင်နှစ်အတွက် မြောင်မြောင် စိတ်ဝင်စားတဲ့အတန်းအဖြစ် ဘယ်ဟာကို စာရင်းပေးမလဲ"
ဖူ့ရုံက မေး၏။
မြောင်မြောင် တတ်ရောက်နေသော ထိုသူငယ်တန်းကျောင်းတွင် မိမိစိတ်ဝင်စားရာ ဘာသာရပ်များကို ရွေးချယ်တတ်ရောက်ခွင့်ရှိသည်။
အဘယ်ကြောင့်ဆိုသော် ကလေးများအတွက် အိပ်ချိန်လုံလောက်ဖို့ အချိန်လိုအပ်သည်ဖြစ်ရာ သို့ဖြစ်၍ ကလေးများအတွက် စာသင်ချိန် များများစားစား ထည့်မထားပေ။ ထပ်တိုးအဖြစ် မနက်ခင်း လေ့ကျင့်ခန်းနှင့် တရေးတမော အိပ်ချိန်ကလွဲ၍ ကလေးများအတွက် မနက်ပိုင်း စာသင်ချိန် သုံးချိန်နှင့် နေ့လည်ပိုင်း စာသင်ချိန် သုံးချိန်ဟူ၍ ရှိ၏။
ထိုထဲမှ မနက်ခင်းနှင့် နေ့လည်ခင်း နောက်ဆုံးအတန်းချိန်မှာ စိတ်ကြိုက်လုပ်ဆောင်နိုင်သည့် လှုပ်ရှားမှုဖြစ်ရာ ဆရာမမှ ကလေးများအား ကစားပွဲများကစားရန် ခေါ်ဆောင်သွားလေ့ ရှိ၏။
ကျန်ရှိသော အတန်းချိန်လေးချိန်တွင် ဘာသာစကားရပ်များနှင့် မိမိစိတ်ဝင်စားရာ ဘာသာရပ်များကို နေ့စဉ် သင်ယူကြရသည်။
မိမိစိတ်ဝင်စားရာ ဘာသာရပ်မှာ မိမိ၏ ကိုယ်ပိုင်ဝါသနာပေါ် မူတည်သည်။ ပညာသင်နှစ် တစ်ဝက်တိုင်း မိမိကြိုက်ရာ ဘာသာရပ် ငါးခုကို ရွေးချယ်နိုင်၏။ သင်ယူနိုင်စွမ်း နည်းသော ကလေးများအတွက် ပညာသင်နှစ် တစ်ဝက်တိုင်း ဘာသာရပ် နှစ်ခုကို ရွေးချယ်နိုင်ပြီး အပတ်တိုင်း သင်ခန်းစာကို ထပ်ကာပြန်လည်နွှေးပေးလေ့ရှိ၏။
မြောင်မြောင်ကိုယ်တိုင်ကလည်း ဘယ်ဘာသာရပ်ကို ရွေးချယ်ရမယ်မှန်း မသိသေးတာကြောင့် အနည်းငယ်စိတ်ရှုပ်လို့နေ၏။
ဖူ့ရုံသည် ခဏတွေးလိုက်ပြီးနောက် ဆိုလိုက်သည်။
"အဆိုတန်းကတော့ ဆက်တက်မှ ဖြစ်မယ်…တို့သမီးလေးက အဆိုကောင်းတော့ အဲ့ဘာသာရပ်ကိုတော့ လျစ်လျူရှုလို့ မဖြစ်ဘူး…ပြီးတော့ ပန်းချီတန်းကရော ဆက်တက်ဦးမှာမလား"
မြောင်မြောင်သည် မျက်မှောင်ကုတ်လျက် စဉ်းစားလိုက်သည်။
"ကြိုက်တယ်လို့လည်း မဟုတ်ဘူး မကြိုက်ဘူးလို့လည်း မဟုတ်ဘူး"
"အဲ့တာဆို လောလောဆယ်တော့ အမေဝိုင်းထားလိုက်ပြီ…သွားချင်တဲ့ အတန်းမရှိဘူးဆိုလည်း ဒီအတန်းတွေပဲ ထပ်တက်လိုက်ပေါ့"
ဖူ့ရုံသည် ပန်းချီတန်းအား ဝိုင်းလိုက်သည်။
"ပေသီးသင်္ချာလည်း ဆက်တတ်ဦးမှာမလား"
ဖူ့ရုံက ထပ်မေးလိုက်သည်။
မြောင်မြောင်သည် သူမ၏ ခေါင်းကို မြန်မြန်ခါယမ်းလိုက်ကာ
"ဟင့်အင်း ပေသီးသင်္ချာကို သမီး မကြိုက်ဘူး"
နှမြောစရာကောင်းသည်ဟု ထင်မိသော်လည်း ထိုဟာကို cross ခြစ်လိုက်ပြီး နောက်တစ်ခုကို ဆက်ကြည့်လိုက်သည်။
"အဲ့တာဆို အကဆိုရင်ရော"
"အင်း"
မြောင်မြောင်သည် သွက်သွက်လက်လက်ဖြင့် ခေါင်းညိတ်လိုက်သည်။
ဖူ့ရုံသည် ဆက်ကြည့်လိုက်သည်။
"အကအမျိုးအစားနဲ့ ပတ်သက်ပြီး စိတ်ပူစရာတော့ မရှိဘူးပဲ… တို့တွေ ကလေးအကကို ရွေးချယ်လို့ရတယ်…ဒါနဲ့ မြောင်မြောင် ဂီတတန်းရော ကြိုက်လား…ဥပမာ ပီယာနိုတို့  ဘာဂျာတို့"
မြောင်မြောင်သည် ဖူ့ရုံအား နားမလည်နိုင်သော အကြည့်ဖြင့် ကြည့်ကာ မေးလိုက်သည်။
"အဲ့တာ ဘာတုန်း"
မြောင်မြောင်သည် ဂီတတူရိယာများနှင့် ပတ်သက်၍ တစ်ခါမှ မသင်ယူဖူးခဲ့ပေ။ သို့ဖြစ်၍ ဖူ့ရုံသည် အင်တာနက်ပေါ်တွင် ဂီတတူရိယာများ ပါရှိသော ဗီဒီယိုများကို ရှာကာ မြောင်မြောင်အား ပေးပြခဲ့သည်။
မြောင်မြောင်ကြည့်ပြီးသည့်နောက်မှာတော့ ခဏတွေးလိုက်ရင်း ပြန်ဖြေခဲ့သည်။
"အာ့ဆို သမီး ပီယာနို သင်မယ်…ဒါပေမဲ့ အဲ့စန္ဒရားကြီးက အကြီးကြီးပဲ မြောင်မြောင်လက်က သေးသေးလေးကို ရပါ့မလား"
ထိုသို့ပြောရင်း ဝမ်းနည်းစွာဖြင့် သူမ၏ သေးငယ်သော လက်ကလေးအား ထုတ်ပြ၏။
မြောင်မြောင်၏ ပုံစံလေးကြောင့် ဖူ့ရုံတစ်ယောက် ပြုံးမိလိုက်ရင်း ပြန်ဖြေလိုက်သည်။
"အခုမှ အခြေခံအဆင့်ပဲ ရှိသေးတာလေ…ဖြေးဖြေးချင်း တီးတာပေါ့… ဦးလေးနဲ့ အန်တီလေးတို့လို မြန်မြန်တီးဖို့ မလိုပါဘူး"
မြောင်မြောင်သည် ခေါင်းညိတ်ကာ သဘောတူလိုက်သည်။
"အာ့ဆို သမီး ပီယာနိုသင်ချင်တယ်"
"အင်း"
ဖူ့ရုံသည် ဆက်ဖတ်လို့နေ၏။ ယခုအချိန်ထိ တက်ခဲ့သော အတန်းများထဲတွင် ပန်းချီတန်းနဲ့ပေါင်းလိုက်ရင် အတန်းချိန်လေးချိန် ပြည့်သွားခဲ့ပြီ ဖြစ်သည်။ မြောင်မြောင်အနေဖြင့် စိတ်ပါဝင်စားရာ ဘာသာရပ်အတန်းတွင် ပီယာနိုကိုတစ်ခါမှ သင်ယူခဲ့ဖူးခြင်း မရှိသောကြောင့် တခြားတစ်ခုပါ ထပ်ပေါင်းထည့်ပါက မြောင်မြောင် အတွက် မနိုင်ဝန်ထမ်းသလို ဖြစ်သွားမည်ကိုလည်း ဖူ့ရုံစိုးရိမ်မိ၏။
"ပီယာနိုက မြောင်မြောင်အတွက် ခုမှ စသင်ရမယ့်အတန်းဆိုတော့ တစ်ပတ်ကို စာသင်ချိန် နှစ်ခါ  ထည့်လိုက်ရင်ရော ဘယ်လိုတုန်း အဲ့လိုဆိုရင် တစ်ပတ်ကို နှစ်ခါ စာပြန်နွှေးပြီးသား ဖြစ်တာပေါ့"
ဖူ့ရုံက ဆိုလိုက်သည်။
"ဟုတ်"
မြောင်မြောင်သည် သွက်သွက်လက်လက် ခေါင်းညိတ်လိုက်သည်။
မြောင်မြောင်၏ အချိန်ဇယားများကို ဖူ့ရုံကိုယ်တိုင် စီစဉ်ပေးခဲ့သည်။
အပတ်စဉ် တနင်္လာနှင့် သောကြာနေ့တိုင်း ပီယာနိုအတန်း ရှိပြီး အင်္ဂါနေ့တွင် သီချင်းဆိုတန်း ရှိ၏။ ဗုဒ္ဓဟူးနေ့တွင် အကတန်းနှင့် သောကြာနေ့တွင် ပန်းချီတန်း ဟူ၍ ရှိ၏။
နှစ်ရက်ကြာပြီးနောက်တွင် မြောင်မြောင်သည် သူငယ်တန်းကျောင်းကို စတင်တတ်ရောက်ခဲ့ရပြီ ဖြစ်သည်။
သူမသည် ရှုံသာ့ ရှုံအယ်တို့နှင့် တစ်ကျောင်းတည်းဖြစ်သော်လည်း ရှုံသာ့ ရှုံအယ်တို့မှာ အလယ်တန်းသို့ တတ်ရောက်နေကြပြီ ဖြစ်သည်။
မြောင်မြောင်သည် မနက် ၇ နာရီတွင် မနက်စာ စားပြီးနောက်  အဝတ်အစားများလဲကာ ဖူရုံကတော့ သူမ၏ ကျောပိုးအိတ်နှင့် ဂျက်ကတ်တို့ကို သူမအား ပေးရန် သယ်လာခဲ့သည်။ ပြီးနောက် ရှုံသာ့ ရှုံအယ်တို့ အောက်ကို ဆင်းလာမည့်အချိန်ကို စောင့်လျက် ကလေးများ စုံပြီဆိုသည်နှင့် ကလေးသုံးယောက်အား ကျောင်းဆီသို့ ပို့ဆောင်ပေးခဲ့တော့သည်။
ကျောင်းမှာ အနီးဆုံး ရှိတာကြောင့် မိသားစုများက နေ့တိုင်း အကြိုအပို့ ပြုလုပ်ပေးလျက် ရှိ၏။ တစ်ခါတလေ ဖူ့ရုံ သို့မဟုတ် ကျန်းဖန်ဖန်က အလှည့်ကျ ကြိုပို့လေ့ ရှိ၏။
ကလေးသုံးယောက်လုံး ကားပေါ်တက်လိုက်ကြပြီး ကျောင်းစတက်ရတော့မည် ဖြစ်သည့်အပြင် မတွေ့ရတာကြာပြီ ဖြစ်တဲ့ သူငယ်ချင်းလေးများကို မြင်ရတော့မည် ဖြစ်တာကြောင့် အချင်းချင်း ဆွေးနွေးကြရင်း စိတ်လှုပ်ရှားလို့ နေကြသည်။
ကျောင်းတံခါးဆီ ရောက်ရှိလာချိန်မှာတော့ ဖူ့ရုံသည် အထုပ်အပိုး များကို အရင်ချလိုက်သည်။ ထို့နောက် ကျောပိုးအိတ်များကို အသီးသီး လွယ်စေခဲ့ပြီး  ကျောင်းတံခါးပေါက်အထိ လိုက်ပို့ပေးခဲ့သည်။
မြောင်မြောင်သည် ချစ်စရာကောင်းသော pikachu လွယ်အိတ်လေးကို လွယ်ထားပြီး သူမ၏ ခြေလှမ်းတိုလေးဖြင့် ရှုံသာ့ ရှုံအယ်တို့၏ နောက်ကို လိုက်နေခဲ့သည်။
ရှုံသာ့ ရှုံအယ်တို့သည် အရင်ဆုံး သူမအား သူမအတန်းထဲသို့ လိုက်ပို့ဆောင်ခဲ့ပြီးနောက် သူတို့၏ ကိုယ်ပိုင်အတန်းဆီသို့ ပြန်လာခဲ့တော့သည်။
မြောင်မြောင်ကျောင်းသို့ ရောက်ရှိချိန်တွင် အချိန်မှာ ၈ နာရီထိုးနေခဲ့ပြီ ဖြစ်၏။ သူမအတွက် ထိုင်စရာနေရာလေးကို ရှာတွေ့ပြီးသည်နှင့် ကျောပိုးအိတ်ထဲမှ အိမ်စာ စာအုပ်များကို ထုတ်ယူလိုက်ကာ စားပွဲခုံပေါ်သို့ တင်ထားလိုက်သည်။
မြောင်မြောင်တွင် အတန်းဖော်သူငယ်ချင်း မရှိပေ။အဘယ်ကြောင့်ဆိုသော် အရင်ပညာသင်နှစ် အလယ်တွင် သူမ၏ သူငယ်ချင်းမှာ အိမ်ပြောင်းသွားခဲ့သည့်အပြင် ကျောင်းပါ ပြောင်းရွှေ့သွားခဲ့သောကြောင့် ဖြစ်သည်။
သူမသည် ဘေးပတ်ပတ်လည်က သူငယ်ချင်းများကို ကြည့်ရင်း အနည်းငယ် အားကျမိ၏။ သို့သော်လည်း အကုန်လုံးမှာ သူမ၏ အတန်းဖော်သူငယ်ချင်းများ ဖြစ်တာကြောင့် သူမအတွက် ဝမ်းနည်းစရာတော့ မရှိခဲ့ပေ။
အချိန်မှာ ၈ နာရီထိုးပြီဖြစ်ရာ တခြားသော သူငယ်ချင်းများလည်း ရောက်လာခဲ့ကြပြီ ဖြစ်သည်။ ဆရာမသည် အားလုံး၏ ရှေ့တွင်
မတ်တတ်ရပ်ကာ သိမ်မွေ့စွာဖြင့် ဆိုလိုက်သည်။
"ကဲ သားသားမီးမီးတို့ကို Little Star ကျောင်းကနေ ကြိုဆိုလိုက်ပါတယ်…ဆောင်းရာသီပိတ်ရက်မှာ ပျော်ခဲ့ကြရဲ့လား"
"ပျော်ခဲ့ပါတယ်"
ကလေးများသည် တညီတညာတည်း ပြန်ဖြေ၏။
ဆရာမသည် ပြုံးပြုံးလေးဖြင့် ထပ်ဆိုလိုက်သည်။
"ပျော်တယ်ဆိုရင်ကို ဟုတ်ပါပြီ …ကဲ အဲ့တာဆို အိမ်စာ စာအုပ်တွေကို ရှေ့မှာ ထုတ်ထားမယ် …ဆရာမ လာသိမ်းမယ်"
ကလေးအားလုံးသည် အိမ်စာစာအုပ်များကို စားပွဲပေါ်သို့ တင်လိုက်ကြသည်။ ဆရာမသည် တစ်ယောက်ချင်းစီ၏ စာအုပ်များကို လိုက်သိမ်းလိုက်ပြီးနောက် ထပ်ဆိုလိုက်သည်။
"ဒီနေ့က ပထမဆုံးကျောင်းတက်ရက်ဆိုတော့  ဒီနှစ်ဝက်မှာ ကိုယ့်စိတ်ကြိုက် တတ်ချင်တဲ့အတန်း ရွေးခဲ့ပြီးပြီလား…စဉ်းစားလို့ပြီးရင် ဖောင်ပေါ်မှာ မိဘလက်မှတ် ထိုးပြီးတာနဲ့ ဆရာမကို ပြန်ပေးနော်"
မြောင်မြောင်သည် သူမ၏ လွယ်အိတ်ထဲမှ ဖောင်စာရွက်ကို ရှာပြီးသည်နှင့် တခြားသူငယ်ချင်းလေးများကို စောင့်လိုက်ပြီး သူတို့ နှင့်တူတူ ဖောင်ကို ဆရာမထံသို့ ပြန်အပ်လိုက်သည်။
"ဆရာမက သားသားမီးမီးတို့ရဲ့ ဖောင်ကို လက်ခံလို့လည်း ပြီးပြီ… ဒီနေ့က တနင်္လာနေ့ ဆိုတော့  အတန်းသစ်စကြမယ် … အားလုံးကလည်း ကျောင်းလွယ်အိတ်လေးတွေကို ချထားပြီး စာသင်ခန်းရဲ့တံခါးဝမှာ တန်းစီပြီး စောင့်နေမယ်နော် … ဒါ့အပြင် မနက်ခင်း လေ့ကျင့်ခန်းလုပ်ဖို့လည်း အချိန်ရောက်ပြီ"
ကလေးများသည် လွယ်အိတ်များကို စားပွဲခုံအောက်ထဲသို့ ထိုးထည့်လိုက်သည်။ မြောင်မြောင်ကလည်း ပျော်ရွှင်စွာဖြင့် ထလာခဲ့ပြီး တခြားသူငယ်ချင်းလေးများနည်းတူ ညီညာစွာ တန်းစီရပ်လိုက်သည်။
ကျောင်းစတက်ပြီဆိုတာနဲ့ ဆရာမများသည် ကလေးများ၏ အရပ်ကို အရင်တိုင်းတာကြသည်။
မြောင်မြောင်၏ အရပ်မှာ မပြောင်းလဲသေးသော်လည်း တခြားကလေးများ၏ အရပ်မှာ အနည်းငယ် ပြောင်းလဲလာခဲ့ပြီ ဖြစ်သည်။ ကလေးအားလုံး ညီညာစွာ တန်းစီလိုက်ပြီးနောက်
ရှေ့အတန်းက ကလေးများက အရင် ကစားကွင်းကို သွားကာ ထို့နောက်တွင် မြောင်မြောင်တို့အတန်းက အလှည့်ရောက်ခဲ့ပြီး ထိုသို့ဖြင့် ကလေးအားလုံး စည်းစနစ်တကျဖြင့် ရှေ့ကိုလျှောက်သွားကြသည်။
အတန်းမှာ သိပ်ပြီး များများစားစားတော့ မရှိလှပေ။
ကလေးတန်းမှ အကြီးတန်းထိ အားလုံးပေါင်း ၈ခန်းသာ ရှိပြီး တစ်ခန်းတွင် လူအယောက် ၂၀ ထက် မပိုချေ။
မြောင်မြောင် မတ်တတ်ရပ်ပြီးနောက် ဆရာမများသည် အတန်းတိုင်းရှေ့တွင် မတ်တတ်ရပ်ကာ သီချင်းဖွင့်လိုက်ပြီးသည်နှင့် အားလုံး ရေဒီယို ကျွမ်းဘား ကစားနည်းကို စတင်လှုပ်ဆောင်ကြတော့သည်။
ကျောင်းတွင် မနက်တိုင်း အားလုံးအတူတကွ ရေဒီယို ကျွမ်းဘားအားကစားကို လုပ်ဆောင်ကြရပြီး အကများဖြင့်လည်း ကခုန်လေ့ ရှိ၏။
အားကစားပြီးနောက်တွင် အတူတကွ လုပ်ဆောင်ရသော ကခုန်ရသည့် အပိုင်းမှာ မြောင်မြောင်အကြိုက်ဆုံး အပိုင်းဆိုလည်း မမှားပေ။
"ကြိုးစားထား!" ဆိုသည့် bgm ၏ Amigo သီချင်းကို ဆောင်းရာသီအားလပ်ရက်တွင် မကခုန်ခဲ့ရတောင် သူမ၏ ခန္ဓာကိုယ်မှာ ဂီတသံနဲ့အတူ အလိုအလျောက် မှတ်မိနေသေး၏။
မြောင်မြောင်သည် များသောအားဖြင့် အိမ်တွင် လေ့ကျင့်ခန်း လုပ်လေ့မရှိဘဲ ကျောင်းမနက်ခင်းတိုင်းမှသာ သူငယ်ချင်းများနှင့်အတူ ကခုန်ရင်း လေ့ကျင့်လေ့ရှိသည်။ သီချင်းပြီးဆုံးပြီးနောက် မြောင်မြောင်လည်း အနည်းငယ် မောဟိုက်လို့ နေ၏။ ထို့နောက်  အတန်းထွက်မည့်အချိန်ကို စောင့်ကာ ရှေ့သို့ ဖြည်းညင်းစွာ လျှောက်သွားခဲ့သည်။
ထိုအချိန် ရှေ့မှ စကားတချို့ကို သူမ ကြားလိုက်ရသည်။
"ဝတုတ်! မြန်မြန်သွားဟ!"
သူမသည် ထိုအသံလားရာကို ကြည့်လိုက်တော့ ကောင်လေး တစ်ယောက်မှ သူ့ရှေ့တွင် ရပ်နေသော  ဝတုတ်တုတ် ကောင်လေး တစ်ယောက်အား တွန်းထုတ်နေသည်ကို မြင်လိုက်ရ၏။
မြောင်မြောင်အနေဖြင့် ထိုကောင်လေးသည် လူတစ်ယောက်အပေါ် ထိုသို့ တွန်းထုတ် နေသည့်လုပ်ရပ်ကို မပြုလုပ်စေချင်ခဲ့ပေ။ သို့သော် ထိုအချိန်တွင် သူမရှေ့တွင် ရပ်နေသော ကောင်မလေး ကျိုးရှုမှ သူမဘက်သို့ လှည့်ကာ ဆိုလိုက်သည်။
"လုပ်ကြပါဦး ပထမအချိန်မှာ ဆရာမက ငါတို့ကို စာစစ်တော့မှာ ဘယ်လိုလုပ်ရမလဲ"
မြောင်မြောင်၏  အာရုံမှာ ခဏအလွှဲခံလိုက်ရကာ သူမက ပြန်ဖြေလိုက်သည်။
"မပြီးရင်တောင် ဆရာမက ငါတို့ကို မငေါက်ဘူး"
ကျိုးရှုက သူမကို စိတ်တိုတိုနဲ့ ကြည့်လိုက်ပြီး "နင်က အရမ်းတော်တာဆိုတော့ ဆရာမက နင့်ကို မငေါက်ဘူးလေ …ဒါပေမယ့် ငါကတော့...ဝူးဝူး"
မြောင်မြောင်သည် အနည်းငယ် ကြောင်သွားပြီးနောက် ပြန်မေးလိုက်သည် ။
"ဆရာမက အရင်က နင့်ကို ငေါက်ဖူးလို့လား"
"အင် …ငေါက်တာမျိုး …မရှိဖူးသလိုပဲ"
ကျိုးရှုတစ်ယောက် ခဏစဉ်းစားပြီး ပြန်ဖြေလိုက်သည်။
"အဲ့လိုဆို နောက်လည်း နင့်ကို ငေါက်မှာ မဟုတ်ဘူးရယ်" 
မြောင်မြောင်က နှစ်သိမ့်ပေးလျက် ထပ်ဆို၏။
"နင့်အဆင့်တွေ အမြဲ ကျနေတောင် ဘာမှမဖြစ်ဘူးရယ်"
ကျိုးရှု : "...… "
အဲ့တာ ငါ့ကို နှစ်သိမ့်ပေးနေတာလား။
အတန်းထဲသို့ ပြန်ရောက်လာခဲ့ကြပြီး ပထမစာသင်ချိန် မစမီ ရှက်ရွံ့သော မျက်နှာလေးဖြင့် ကောင်လေးတစ်ယောက် လျှောက်လို့လာ၏။
"မြောင်မြောင် ငါ နေရာလဲချင်လို့ နင့်ခုံဘေး ငါထိုင်လို့ ရမလား"
မြောင်မြောင်သည် လှည့်ကြည့်လိုက်ပြီး ထိုကောင်လေးကို တွေ့တော့ သူ၏ အတန်းဖော်ကို တစ်ချက် လှမ်းကြည့်လိုက်ရာ အားကစားရုံတွင်
သူမရှေ့က ရပ်နေခဲ့သော ကျိုးရှုမှာ သူ၏ အတန်းဖော် ဖြစ်နေခဲ့၏။
ကျိုးရှုမှာ ငိုမဲ့မဲ့မျက်နှာလေးဖြင့် သူမအား ဝမ်းနည်းစွာ စိုက်ကြည့်နေခဲ့သည်။ မြောင်မြောင်သည် ပြီးခဲ့သည့် စာသင်နှစ် ဒုတိယနှစ်ဝက်ကတည်းက အတန်းဖော် မရှိခဲ့သည်ဖြစ်ရာ သူမသာ သဘောတူလိုက်ပါက ကျိုးရှုလည်း သူမနည်းတူ ဝမ်းနည်းရလိမ့်မည်ဟု တွေးမိ၏။
မြောင်မြောင်သည် ခဏတွေးလိုက်ပြီး မျက်မှောင်ကြုတ်လိုက်ကာ ပြန်ဖြေလိုက်သည်။
"ဒါပေမဲ့ ငါက တစ်ယောက်တည်းနေချင်တာ"
ထိုစကားကြားပြီးနောက်မှာတော့ ကောင်လေးမှာ စိတ်ပျက်လက်ပျက်ဖြင့် ပြန်ထွက်သွားခဲ့တော့သည်။
မွန်းလွဲပိုင်းတွင် စိတ်ပါဝင်စားရာ ဘာသာရပ် အတန်းပြီးသည့်နောက် မြောင်မြောင်သည် ဘာသာစကားနှင့်သင်္ချာအပြင် တခြားဘာသာရပ် စာမေးပွဲရလဒ်တွင် အားလုံး အမှတ်ပြည့်ရရှိခဲ့သည်။
မေးခွန်းများသည် အလွန်ရိုးရှင်း၏။ ဘာသာရပ်တစ်ခုစီတွင်မေးခွန်း အခု ၂၀ သာရှိပြီး စာမေးပွဲတွင် အမှတ် ၁၀၀ ရရှိသူ အနည်းငယ်ရှိ၏။ သို့သော် မြောင်မြောင်သည် အတန်းထဲတွင် ဘာသာရပ် သုံးမျိုးလုံး အမှတ်၁၀၀ ရရှိသော  တစ်ဦးတည်းသော ကလေးဖြစ်သည်။ အမှတ်ပြည့် ရရှိမှုအပေါ် ဆရာမ၏ ချီးကျူးမှုသည် သူမကို အရမ်းပျော်စေခဲ့သည်။
သူမသည် Pikachu လွယ်အိတ်ထဲတွင် စာရွက် ၃ ရွက်ကို ဂရုတစိုက်ထည့်သိမ်းလိုက်ပြီး တခြားကလေးများနည်းတူ ကျောင်းအဝင်ပေါက်ဝတွင် တန်းစီကာ ရပ်စောင့်နေလိုက်သည်။ မကြာမီ ကား ရောက်လာခဲ့၏။
ကားထဲရောက်ပြီးပြီးချင်း မြောင်မြောင်သည် သူမအမေ၏ လက်မောင်းကို ဆွဲဖက်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့်ဆို၏။
"မေမေ သမီး ဒီနေ့ အမှတ်ပြည့်ရခဲ့တယ်" ဟုဆိုပြီးသည်နှင့် တပြိုင်နက် ကျောပိုးအိတ်ထဲက စာရွက် ၃ ရွက်ကို ထုတ်ယူလိုက်သည်။
ဖူ့ရုံသည် သုံးဘာသာလုံး အမှတ်ပြည့် ရတာကို မြင်တော့  ဝမ်းသာအားရဖြင့် သူမ၏ ခေါင်းလေးကို ပွတ်သပ်ရင်း
"ငါ့သမီးလေးက တော်လိုက်တာ … ဒီည ကြက်ပေါင်ကြော်ကျွေးမယ် ဆက်ကြိုးစားထားနော်"
"ဟမ်!"
မြောင်မြောင်တစ်ယောက် ကြက်ကြော်ဆိုသည့် စကားကို ကြားသည်နှင့် တစ်ပြိုင်နက်  လျင်မြန်စွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် မုန့်ဖိုးအကြောင်းကို ပြန်တွေးမိတော့ ပြန်ရောက်သည်နှင့် သူမအမေကို မုန့်ဖိုးအကြောင်း မေးရန် တွေးထားလိုက်သည်။
ပြန်ရောက်လာချိန်တွင် ဖူ့ရုံသည် ရှုံသာ့ ရှုံအယ်တို့နှစ်ယောက်ကို အိမ်ပြန်ပို့ပြီးနောက် မြောင်မြောင်နှင့်အတူ အိမ်သို့ ပြန်လာခဲ့ကြတော့သည်။
အိမ်တံခါးပေါက်သို့ ရောက်သည်နှင့် သူမသည် ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်တော့ မီးဖိုချောင်တွင် ချက်ပြုတ်နေသော အိမ်တော်ထိန်း အဒေါ်ကြီးကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူ့မအဖေ ပြန်မလာခင် သူမအမေအား တိုးတိုးလေး လှမ်းမေးလိုက်သည်။
"မေမေ မြောင်မြောင်ကို မုန့်ဖိုးပိုပေးလို့ ရမလားဟင်"

မမလေးက 3နှစ်သား (Complete ✅)Onde histórias criam vida. Descubra agora