ငါ ခန့်သာအောင်နဲ့
ရှင်းစရာတွေမကျန်တော့တာနဲ့ပဲ
ငါတို့ တွေ့တဲ့အချိန်တွေက ကြုံသလိုဖြစ်လာတယ်။
သူနဲ့ငါ ကျောင်းမှာတွေ့ရင် ခဏလောက်တော့
စူးစူးစိုက်စိုက်အကဲခတ်မိကြတယ်။
နှုတ်ဆက်တာပေါ့။
ပြုံးတော့မပြုံးမိကြဘူး။
ပြုံးစရာလည်းမလိုဘူးလေ။
အကုန် သာမှန်ပြန်ဖြစ်သွားတယ်။ပြဿနာတော့ရှိနေသေးတယ်။
ငါ ခန့်သာအောင်နဲ့ပြတ်ပြီး
ဖြတ်သန်းရတဲ့ စနေ၊တနင်္ဂနွေမှာ
ပန်းသိမ်မွှေ့ ငါ့ကိုတစ်ဖန်
ပြန်ဝန်ခံတယ်။
အဲ့တာက တော်တော်လေး
ကမောက်ကမ ဖြစ်စေခဲ့တယ်။
သူ့ခံစားချက်များကို
ငါဂရုတစိုက်နားထောင်ပေးပြီးတော့
ကောင်းကောင်းမွန်မွန်လေး ထပ်ငြင်းလိုက်ပါတယ်။
သူလည်း ပြုံးတုံ့တုံ့နဲ့ ငါ့အဖြေကို
သဘောတကျကျ။
သူကြားဖူးထားပြီးသား ဟာသကို
တခြားသူကပြန်ပြောပြသလိုလေးပဲ
နားထောင်တယ်။
ပြီးတော့ ငါဧည့်ခင်းတည်ကျွေးတဲ့
အစားအသောက်တွေကို စားပြီး
တခြားအကြောင်းတွေ အားရပါးရပြောပြီး
ကျေကျေနပ်နပ်နဲ့ အကြာ.......ကြီး..နေပြီး....မှ
ပြန်သွားတာ။ဒါပေမယ့်လည်း အဲ့လိုဖြစ်ပြီး
နောက်နေ့ရောက်တော့ သူက
နီးနေတဲ့စာမေးပွဲကြီးတောင်မဖြေပဲနဲ့
ကျောင်းထွက်သွားတယ်။
ငါ အဆင်မပြေတာ အဲ့တစ်ခုရှိတာပဲ။
မနက်ဖြန်သဘက်ခါဖြေပြီး
အတန်းတက်ရမယ့် စာမေးပွဲကြီး။
အတော်အရေးကြီးတဲ့
အချိန်ဆိုလည်း မမှားဘူးလေ။
ဒါပေမယ့် သူကျောင်းထွက်သွားတယ်။ဆရာ၊ဆရာမတွေ တားမတား ငါမသိဘူး။
ငါစိတ်တွေ အတော်လေးသွားတာ။
ပြီးတော့ ရှုပ်လာတယ်။
ဖြစ်ပျက်သွားတဲ့အရာတွေက အများကြီးပဲ။
ငါနဲ့ခန့်သာအောင်တွဲတာ၊
ပန်းသိမ်မွှေ့ပေါ်လာတာ၊
ငါနဲ့ခန့်သာအောင်ပြတ်တာ၊
ပန်းသိမ်မွှေ့ ဖွင့်ပြောတာ၊
ငါငြင်းလိုက်တာ၊
သူကျောင်းထွက်သွားတာ။
အကုန်လုံးက ငါလုပ်လို့ဖြစ်လာသလိုမျိုး။
ငါခံစားနေရတာက
တကယ့်ကိုအပြစ်သားတစ်ယောက်လိုမျိုး။ငါအမှားတွေပဲ ဆက်တိုက် လုပ်မိနေသလို။
ငါစာမကျက်မိတော့ဘူး။
ငါ့ညီမလေးနဲ့ပဲ အချိန်ကုန်နေရင်း
စာမေးပွဲရက်တွေကို ဖြစ်သလို
ကျော်ဖြတ်ရတယ်။
ငါ နောက်တစ်နှစ်တော့
ကော့သောင်းမှာပဲ ဆက်တက်ရင်
ကောင်းမလား တွေးမိတယ်။
ငါ မိဘတွေနဲ့ အတူမနေတာ
ကြာလှနေပြီ။
