(Unicode)
ဇွန်လ ၉ရက်နေ့၏ မနက်ခင်းအချိန်လေးတစ်ခု။အသက်ရှင်လာသည့်အချိန်ကာလတစ်ခုအတွင်း ဒီနေ့လိုနေ့မျိုးဟာပျော်ရွှင်ရမည့်နေ့လား ဒါမှမဟုတ်ဝမ်းနည်းရမည့်နေ့လားဆိုတာကိုပင် ဆုသေချာမသိပါ။ဒီကနေ့ မနက်စောစောအချိန်တွင် မိုးဖွဲလေးများ တဖွဲဖွဲကျနေခဲ့သော်လည်း ဆုကျောင်းသို့ထွက်လာသည့်အချိန်တွင် မိုးဖွဲလေးများကျမနေတော့ပါ။မိုးတွေသည်းကြီးမည်းကြီးမရွာသည်ကိုပင် ဆုကျေးဇူးတင်မိပါသည်။ဆုဟာ အဝါရောင်ဂန္ဓမာပန်းစည်းလေးကို လက်မှာပိုက်၍ကျောင်းသို့စောစောထွက်လာခဲ့သည်။ကျောင်းသို့ ရောက်သည့်အချိန်တွင် ကျောင်းခန်းထဲ၌ အသင်းတာဝန်ကျသည့်ကျောင်းသူနှစ်ယောက်သာရှိနေသေးသည်။လွယ်အိတ်ကလေးကိုချကာ အခန်းထဲ တံမြက်စည်းလှည်းနေသည့် ကျောင်းသူလေးအနားသို့လျှောက်သွားလိုက်ပြီး....
''ငါဝိုင်းကူလုပ်ပေးရမလားဟင်''
ဆုရဲ့ပုံစံဟာ သိပ်မိန်းကလေးဆန်ပြီဖော်ရွေသည်။ဆုရဲ့မျက်နှာလေးဟာအေးချမ်းလွန်းသည်။မွေးဖွားလာရသည့်
ကံအခြေနေလေးဟာမလှလေသော်ငြား သူမ၏စိတ်နှလုံးသားလေးဟာ သိပ်လှသည်။''ရပါတယ် ဆုရယ်...ဒီနေ့က နင့်အသင်းမှမဟုတ်ပဲ''
''ဒါတော့ဒါပေါ့ ငါလည်း စောစောရောက်နေလို့လေ''
''ငါတို့ကလည်း အားနာလို့ပါ ဆုရယ်''
မလှမ်းမကမ်းမှာ တံမြက်စည်းလှည်းနေသည့်ကျောင်းသူလေးကလည်း ထိုကဲ့သို့လှမ်းပြောလေသည်။ဆုက မျက်လုံးလေးတွေမှေးသွားသည်အထိ လှမ်း၍ပြုံးပြလိုက်ပြီး....
''နင်တို့ကလည်း အားနာစရာမှမဟုတ်ပဲ
ဒီလိုလုပ်လေ...နင်တို့ဒီမှာ တံမြက်စည်းလှည်းနှင့်ကြ
ငါဘုရားပန်းသွားလဲပေးမယ်လေနော်''ဆုအနားက ကျောင်းသူလေးက ဆုဝယ်လာသည့်ဂန္ဓမာပန်းစည်းလေးကို လှမ်းကြည့်ပြီး...
''ပန်းဝယ်လာပေးတာ ကျေးဇူးတင်လိုက်တာ ဆုရယ်
ငါဒီနေ့ပန်းဝယ်ဖို့မေ့လာတာဟ
ကျေးဇူးအများကြီး တင်တယ်နော် ဆု''ထိုကျောင်းသူလေးက ချိုပြုံးနေသော မျက်နှာလေးဖြင့်စကားဆိုတော့ ဆုကလည်းကျေနပ်ဝမ်းသာဟန်ကလေးပြန်၍ပြုံးပြလိုက်သည်။စားပွဲခုံပေါ်က အဝါရောင် ဂန္ဓမာ ပန်းစည်းလေးကို လက်တစ်ဖက်က ပိုက်ပြီးကျန်လက်တစ်ဖက်ကဘုရားပန်းအိုးကလေးကိုယူကာ ဆု အခန်းထဲမှထွက်လာသည်။ပုံမှန်လေးလမ်းလျှောက်လာရင်း ဆရာ
ဆရာမနားနေခန်းအရှေ့သို့ အဖြတ် အခန်းအတွင်းမှတွန်းဖွင့်လိုက်သည့်ပြတင်းတံခါးချပ်တစ်ခုနှင့်ဆု ဝင်တိုက်မိသွားသည်။ရုတ်တရက်ဆိုတော့ ဆုလည်းရှောင်ချိန်မရလိုက်ပေ။
နောက်သို့အနည်းငယ်ယိုင်သွားသော်လည်း လဲကျမသွားအောင် ဆု ထိန်းထားနိုင်ခဲ့သည်။သိပ်မကြာပါ။
ထိုနားနေခန်းထဲမှာ ဆရာမတစ်ယောက်ပြေးထွက်လာသည်။