(Unicode)
ညနေ ၅ နာရီစွန်းသွားပြီဖြစ်သော်လည်း စာသင်ဝိုင်းမှာ လူမစုံသေးပေ။ဆုဝတ်လွှာတစ်ယောက် ဘယ်လိုအကြောင်းတွေကြောင့် နောက်ကျနေသည်မသိ။သက်ထားကတော့ သင်ခန်းစာမစသေးပဲ ဆုကိုစောင့်နေသေးသည်။ဒီလိုနဲ့ နာရီဝက်ခန့်ကြာသွားတော့....
''ဆု ဒီနေ့မလာဘူးထင်တယ်...နေများမကောင်းလို့လား''
''ဆု နေကောင်းပါတယ် မနက်က ကျောင်းလာတာတောင်
အကောင်းကြီးကို''နန္ဒာကဝင်ပြောလိုက်ခြင်းဖြစ်သည်။ဘေးနားက စေလွှာမောင်မှာတားချိန်ပင်မရလိုက်။စေလွှာက နန္ဒာရဲ့ လက်မောင်းကိုမသိမသာ တို့လိုက်ပြီး လေသံခပ်တိုးတိုးဖြင့်....
''ဘာတွေလျှောက်ပြောနေတာလဲ ချစ်ကလည်း
ဆုမှာလည်း သူ့အကြောင်းနဲ့သူရှိမှာပေါ့''စေလွှာက ဝင်ဟန့်ကာသတိပေးတော့မှ နန္ဒာတစ်ယောက်နားလည်တော့သည်။
''တကယ်တော့ ဒီနေ့လူစုံစေချင်တာ
သင်ခန်းစာအသစ်တက်မလားလို့လေ''သက်ထားက ငြီးသယောင်ပြောရင်း စာအုပ်လေးကိုလှန်နေသည်။ဒါကိုနန်းစံလှမ်းမြင်တော့ အလိုမကျစွာမျက်ခုံးတန်းတွေကိုတွန့်ချိုးထားရင်း မတ်တပ်ထရပ်လိုက်သည်။
ရုတ်တရက်ထရပ်လိုက်သည့် နန်းစံကို သက်ထား ပြူးကြောင်ကြောင်လေးဖြင့်မော့ကြည့်မိသည်။''ရပ်ဝန်း ငါ့ကို စက်ဘီးခဏငှားလိုက်''
''အေး...ယူသွားလေ... ရော့''
နန်းစံက ရပ်ဝန်းဆီက စက်ဘီးသော့ကိုယူပြီး မမဘက်ကို
လှည့်ကြည့်ကာ.......''မမ...ခဏစောင့်ပေးပါ နန်းစံသွားခေါ်ခဲ့ပေးမယ်''
ပြောပြီးသည့် နန်းစံဟာ စက်ဘီးသော့ကိုဆွဲယူကာ ခြေလှမ်းကျဲများဖြင့်ထွက်သွားလေသည်။သက်ထားမှာ မျက်တောင်လေးကိုခတ်ကာခတ်ကာဖြင့် ငေးကျန်ခဲ့သည်။သက်ထားတစ်ယောက်ဘာမှပင်မပြောနိုင်လိုက်ပေ။
နန်းစံ ဆုရဲ့အိမ်ကိုရောက်တော့ ခြံထဲမှာ သစ်ပင်ရေလောင်းနေသည့်ဆုကိုလှမ်းတွေ့လိုက်ရသည်။စာသင်ချိန် စာသင်ဝိုင်းကိုရောက်မလာပဲ အိမ်မှာသစ်ပင်ရေလောင်းနေသည့်
ဆုကိုမြင်တော့ နန်းစံဒေါသထွက်သွားသည်။ဆု သစ်ပင်ရေလောင်းနေသည့်အနီးအနားတစ်နေရာက ဒန်းပေါ်မှာတော့
လှိုင်က စာအုပ်ဖတ်နေသည်။နန်းစံက ခြံတံခါးကိုဒေါသကြီးတွန်းဖွင့်ကာ ခြေလှမ်းကျဲများဖြင့် ဆုအနားသို့လျှောက်သွားသည်။ဆုလက်ထဲက အစိမ်းနုရောင်ရေပိုက်ကို အကြမ်းပတမ်း ဆွဲယူလိုက်ပြီး မြေပြင်ပေါ်သို့လွှင့်ပစ်ချလိုက်သည်။