(Unicode)
ဆုတစ်ယောက် လက်ထဲမှာ ချိုင့်လေးတစ်လုံးကိုဆွဲပြီး နန်းစံရဲ့အိမ်သို့ရောက်လာသည်။ အိမ်ရှေ့တံခါးနားရပ်ရင်း အိမ်ထဲကိုဝင်ဖို့ ဆုမဝံ့မရဲဖြစ်နေသည်။နန်းစံကို ရင်ဆိုင်ဖို့ ခက်ခဲနေသည်ဆိုလျှင်ပို၍မှန်မည်။ခဏအကြာ အိမ်ရှေ့ကိုထွက်လာသည့် ခက်ကဆုကိုမြင်တော့ အပြုံးလေးဖြင့်ကြိုဆိုသည်။
''သမီးဆု...ဘယ်တုန်းကရောက်နေတာလဲ
အထဲလာလေ သမီး....ဘာရပ်လုပ်နေတာလဲ''''မေမေခက်....သမီး...ရခိုင်မုန့်တီ လာပို့တာပါ
ဦးနိုင်က ပို့ခိုင်းလိုက်လို့ပါ''''သြော်...ဒါဖြင့် အိမ်ထဲဝင်လာပေါ့ သမီးရယ်
ရှေ့မှာရပ်နေရတယ်လို့...လာလာ ဝင်ခဲ့''ခက်ခေါ်တော့ ဆုလည်း အိမ်ထဲကိုဝင်လာသည်။ခက်က ဆုလက်ထဲက ချိုင့်ကလေးကို လှမ်းယူလိုက်ပြီး ထမင်းစားခန်းသို့ဝင်သွားသည်။ပုံမှန်ဆိုရင် နန်းစံရဲ့အခန်းကိုသွားမိမှာဖြစ်ပေမယ့် ဒီနေ့တော့ ဆုဟာ ခက်ရဲ့အနောက်ကိုသာလိုက်လာသည်။
''မေမေခက်....နန်းစံရှိလားဟင်''
ချိုင့်လှယ်နေသည့် ခက်ကို ထိုင်ခုံလေးမှာထိုင်စောင့်နေရင်း ဆု လှမ်းမေးလိုက်သည်။
''အေး ရှိတယ်လေ သမီး....သူ့ဆီသွားရင်သွားလေ''
''ဟင့်အင်း.. မသွား...မသွားတော့ဘူး မေမေခက်''
ဆု နန်းစံကို ရင်မဆိုင်ရဲသည်က နန်းစံ သူ့ကိုစိတ်ဆိုးနေသည်ကြောင့်ပင်။ဆုကို သဘောကျနေသည့်ကောင်လေးတစ်ယောက်ကို ဆု စကားလက်ခံပြောပေးမိသည်က နန်းစံအတွက်ဒေါသဖြစ်စရာဖြစ်သွားခဲ့သည်။ပွေရှုပ်တတ်သည့်
ထိုကောင်လေးနှင့်ခပ်ကင်းကင်းနေဖို့ သူ့ကို နန်းစံမှာထားပြီးသားဖြစ်သည်။သူ့ရဲ့ အားနာစိတ်တစ်ခုကြောင့် စကားလက်ခံပြောမိသည်က သူ့အမှားပင်ဖြစ်သည်။သောကြာနေ့ကဖြစ်ပျက်ခဲ့သည်ထိုကိစ္စရပ်ကြောင့် နန်းစံဟာ သူ့ကိုအခုထိစကားမပြောပါ။မနက်ဖြန်ဆိုလျှင် ကျောင်းဖွင့်ရက်တနင်္လါနေ့ဖြစ်သည်။ဆု အခုထိ နန်းစံကိုရင်မဆိုင်ရဲပါ။နန်းစံစိတ်ဆိုးနေလျှင် အလိုလိုဝမ်းနည်းမိသည်ကလည်း ဆုရဲ့စိတ်အရင်းခံလေးဖြစ်နေသည်။