(Unicode)
စာမေးပွဲပြီးသည့်အခါ တစ်ပတ်ဆိုသည့်အချိန်ကာလအတွင်း စိတ်လက်ပေါ့ပါးစွာနေနိုင်ခဲ့သည်။သို့သော် မနက်ဖြန် အမှတ်စာရင်းတွေထွက်တော့မည်ဆိုတာကို သိလိုက်ရချိန်မှာတော့ နန်းစံတစ်ယောက် ထမင်းစားလို့ပင်မဝင်တော့ပါ။ထမင်းပန်းကန်ထဲက ထမင်းတွေကိုမစားပဲ ဇွန်းနှင့်ခရင်းသုံးကာ ထိုးဆွနေသည့် သူ့ကိုမာမီက အလိုမကျစွာ မျက်မှောင်ကျုံ့ရင်းကြည့်နေသည်။
''ဘာလုပ်နေတာလဲ နန်းစံ...ထမင်းကိုသေချာစားလေ
ဆော့မနေစမ်းနဲ့''ခပ်မှိုင်မှိုင်တွေးနေခိုက် မာမီ့ရဲ့ ခပ်တင်းတင်းစကားကြောင့် နန်းစံဆတ်ခနဲသတိကပ်မိသည်။ဒီလိုပဲ မာမီဟာ နန်းစံအပေါ်ဘယ်တော့မှ နူးညံ့မှုမရှိပေ။မေမေကတော့ နန်းစံကို တစ်ချက်လှမ်းကြည့်ရင်း အခြေနေကိုအကဲခတ်နေပုံရသည်။
''ဟုတ် မာမီ''
ထမင်းစားချင်စိတ်မရှိသော်လည်း မာမီရဲ့ ခပ်မာမာသတိပေးထားမှုကြောင့် အောင့်အီးကာစားနေရသည်။
ထမင်းစားပြီးသွားသည့်မာမီက ထမင်းစားပွဲမှထရပ်လိုက်ပြီး တစ်နေရာရာကိုသွားဖို့ပြင်နေသည်။''ခက်...ညနေ အစ်မကို ထမင်းစားမစောင့်နဲ့တော့နော်
အစ်မ ညနေ အလုပ်ကိစ္စလေး ရှိနေလို့
ထမင်းကိုအချိန်မှန်စား....အဆာမခံနဲ့...
ကြားလား ခက်''''ဟုတ် အစ်မ''
မာမီက တည်ငြိမ်နေတဲ့အသံလေးဖြင့် မေမေ့ကိုသတိပေးပြီးနောက် ထမင်းစားပွဲမှာထိုင်နေသည့် မေမေ့ရဲ့နှဖူးလေးကိုနူးနူးညံ့ညံ့ကလေးနမ်းရှိုက်သည်။ဒါကိုမြင်တော့ နန်းစံ နှုတ်ခမ်းလေးတွန့်ရုံမျှပြုံးမိလိုက်သည်။မာမီရဲ့ဒီလိုအမူအကျင့်လေးတွေဟာ နန်းစံအတွက် အခုမှမြင်ဖူးသည့်အရာမဟုတ်တော့ အထူးအဆန်းရယ်မဟုတ်။မေမေ့အပေါ် နွေးထွေးစွာ အနမ်းကလေးတွေပေးတတ်တာဟာ နန်းစံငယ်ငယ်ကလေးကတည်းက မြင်ဖူးနေကျ အခိုက်အတန့်တွေဖြစ်သည်။မာမီဟာ မေမေနဲ့ပတ်သက်ရင်သိပ်နူးညံ့တတ်သလို သိပ်လည်းကြင်နာတတ်သည်။
''အစ်မ...သွားမယ်နော် ခက်''
''ဟုတ် အစ်မ...ဂရုစိုက်သွားပါနော်''