(Unicode)
Spring coffee ဆိုင်လေးရဲ့ မှန်ပြတင်းတံခါးလေးတစ်ခုအနားက စားပွဲဝိုင်းလေးတစ်ခုမှာ ထိုင်ရင်း အပြင်ဘက်
တနေရာကို ရပ်ဝန်း ငေးကြည့်နေသည်။စားပွဲငယ်အပေါ်မှာNote book ကလေးတစ်အုပ်ကို ချထားပြီး ရပ်ဝန်းရဲ့လက်ထဲမှာဘောပင်ကလေးတစ်ချောင်းကိုကိုင်ထားသည်။အပြင်ဘက်တနေရာကိုတွေတွေကလေးငေးနေရင်း ရပ်ဝန်းနှုတ်ခမ်းလေးတွန့်ရုံပြုံးသည်။ရပ်ဝန်းက လက်ထဲမှ
ဘောပင်လေးနှင့်Note bookစာမျက်နှာအပေါ်စာလေးတစ်ချို့ချရေးလိုက်သည်။[တိမ်ယံကြားက မိုးသားညို
မြေခရတဲ့ စိန်ပန်းနီ
မိုးတိမ်တွေလည်း ပြိုသည်
စိန်ပန်းတွေလည်း ကြွေသည်
အလွမ်းဒဏ်တို့ စူးတဲ့ ရာသီ
မိုးစက်ကလေးတို့ ကြွေတဲ့ရာသီ
အို....သိပ်လွမ်းရဖွယ် ဤရာသီ]ရေးသားထားသည့် သူမ၏ လက်ရေးဝိုင်းလေးများကိုပြန်ဖတ်ရင်း ရပ်ဝန်း သဘောကျစွာပြုံးလေသည်။ထိုအချိန် သူမ၏နာမည်လေးကို ခေါ်လာသည့်ခေါ်သံချိုချိုကလေးကိုရပ်ဝန်း ကြားလိုက်ရသည်။ရပ်ဝန်း အသံလာရာသို့မော့
ကြည့်လိုက်ချိန် ပထမဦးစွာမြင်လိုက်ရသည့် အပြုံးကလေးတပွင့်က ရပ်ဝန်းရင်ကိုလှိုင်ဖျဖျထသွားစေခဲ့သည်။ပုံမှန်
မြင်နေကျကျောင်းဝတ်စုံလေးနှင့်မဟုတ်ပဲ အဝါရောင်ဂါဝန်ရှည်လေးကိုဝတ်ထားသည့် ဆရာမဟာ သိပ်လှလွန်းသည်။ရပ်ဝန်းမှာ ခေတ္တမျှအသိလွတ်စွာ မျက်တောင်မခတ်တမ်းကို
ငေးကြည့်မိသွားသည်။''ရပ်ဝန်း...ဆရာမ ဒီမှာထိုင်လို့ရမလား''
သက်ထားဘက်က စကားစမှ ရပ်ဝန်းအသိကပ်သွားသည်။ထိုအခါမှပဲ ရပ်ဝန်းမှာမျက်တောင်ခပ်ဖို့သတိရတော့သည်။
''အာ..ဟုတ်..ထိုင်...ထိုင်ပါ ဆရာမ''
သက်ထားက ရပ်ဝန်းရဲ့ မျက်နှာချင်းဆိုင်က ခုံလေးမှာဝင်ထိုင်လိုက်သည်။
''စာလုပ်နေတာလား ရပ်ဝန်း''
''မဟုတ်ပါဘူး ဆရာမ...ဒီအတိုင်း ပျင်းလို့လာထိုင်တာပါ''
''အော်''
သက်ထားက ရပ်ဝန်းရဲ့အရှေ့က စာအုပ်ကလေးကိုလှမ်း
ကြည့်ပြီး စိတ်ဝင်စားသွားသည်။စာမျက်နှာပေါ်မှာရေးထားသည့် စာစုအချို့ကို အမျိုးသမီးတို့ရဲ့သဘာဝ စပ်စုချင်စိတ်ကလေးဖြစ်မိပါသော်လည်း ဒီအတိုင်းလှမ်းဖတ်လိုက်ပါက ယဥ်းကျေးမှုမရှိရာရောက်သည်။ဒါကြောင့် သက်ထားက
အရင်ဆုံး ရပ်ဝန်းကိုသာ ခွင့်တောင်းစကားလေးဆိုလိုက်သည်။