(ch 14)

2.7K 77 21
                                    

"ဟေ့ ငါ့ကိုစောင့်ဦးလို့"

အညိုရောင်မျက်ဝန်းတွေနဲ့ ဝိုင်းစက်နေတဲ့မျက်လုံးတစ်စုံက သူ့ကိုနောက်ပြန်လှည့်ကြည့်ပြီး ပန်းနုရောင်နှုတ်ခမ်းလေးတွေက လခြမ်းသဖွယ်ပြုံးပြကာ ဖြူဖွေးနေတဲ့လက်တစ်စုံကသူ့ကိုမြန်မြန်လာခဲ့လို့ လက်ယက်​​ခေါ်နေသည်။ လှိုင်းထနေတဲ့ပိတုန်းရောင်ဆံနွယ်တွေကတော့ လေညှင်းနဲ့အတူ လွင့်မြောနေရင်း ​အဝါနုရောင်ဂါဝန်လေးရဲ့အောက်အနားလေးတွေကလည်း လေနဲ့အတူတလွင့်လွင့် လွင့်နေလေရဲ့။ မြစိမ်းရောင်မြက်ခင်းပြင်ပေါ်မှာ ဖိနပ်မပါတဲ့ ခြေဖဝါးနုနုတစ်စုံကတော့ ပြေးလွှားခုံပေါက်နေတာပေါ့။

သူအနောက်ကနေဘယ်လိုပဲလိုက်နေပါစေ ကောင်မလေးရဲ့အနားကိုတော့မရောက်နိုင်ပါဘူး။ သူအားစိုက်ပြီးပြေးလေလေ ကောင်မလေးဝေးနေလေလေပါပဲ။ ပြေးနေရင်းရေကန်နားလေးကိုရောက်တဲ့အခါ သူတို့ဆော့ကစားလေ့ရှိတဲ့ မိုးမခပင်ကြီးရဲ့အောက်မှာ ကောင်မလေးက ရပ်လိုက်ပြီးတော့ သူ့ကိုပြုံးပြပြီး ကြည့်နေလေသည်။ သစ်ရွက်တွေဟာ မိုးပေါ်ကိုမော့နေပြီး နေမင်းကြီးကိုခစားနေရမယ့်အစား များပြားလွန်းလှတဲ့သစ်ကိုင်းတွေဟာ မြေပြင်ကိုပဲခစားချင်တာကြောင့်ကွေးညိတ်ကာ အုံ့စိုင်းနေတဲ့ ဒီမိုးမခအပင်ကြီးနဲ့ မြစိမ်းရောင်သန်းနေတဲ့ရေကန်ပြင်ရယ်ဟာ သူအကြိုက်ဆုံးနေရာတစ်ခုပါ။

သူ့ကိုရပ်ကြည့်နေရာက သစ်ပင်ကြီးရဲ့ဘေးနားမှာရှိတဲ့ လက်တန်းမပါတဲ့တံတားလေးပေါ်ကို ပြေးထွက်သွားတဲ့ကောင်မလေးကို အော်ပြီးမပြေးသွားဖို့တားနေပေမယ့် သူ့ရဲ့စကားလုံးတွေဟာအသံထွက်မလာခဲ့ပါ။ဘယ်လိုအော်အော် ဘာအသံမှထွက်မလာတဲ့သူဟာ​ ကောင်မလေးရဲ့အနောက်ကို တဟုန်တိုးပြေးလိုက်နေပေမယ့် ပြေးတဲ့နေရာကနေ ရွေ့တယ်လို့တောင် မထင်ရတဲ့ နေရာမှာသာရှိနေပြီး ကောင်မ​လေးနဲ့ကတော့ ဝေးပြီးရင်းပဲဝေးသွားပါတယ်။ အရှိန်နဲ့ပြေးထွက်သွားတဲ့ကောင်မလေးဟာ ဖိနပ်မပါတာကြောင့်လား တံတားပေါ်မှာရေတွေရှိနေတဲ့အတွက်ချော်သွားတာကြောင့်လားမသိ သူ့ရှေ့မှာတဲ့ တံတားပေါ်ကနေ ရေကန်ထဲကိုပြုတ်ကျသွားပါတော့တယ်။ ကောင်မလေးကိုကယ်ဖို့အတွက် ပြေးသွားဖို့ကြိုးစားပေမယ့် မိုးမခပင်ကြီးရဲ့​​အောက်ကနေ သူပြေးလို့မရ။ သူဘယ်လောက်ကြိုးစားပြီးပြေး​ပြေး သူ့နေရာမရွေ့သလို အော်နေပေမယ့်လည်း သူ့ရဲ့စကားသံတွေထွက်မလာပါဘူး။ မျက်ရည်တွေကျလာပြီး ကောင်မလေးရဲ့နာမည်ကို အကြိမ်ကြိမ်အော်ခေါ်နေခဲ့ပေမယ့် ကောင်မလေးကသာရေကန်ထဲကိုနစ်မြုပ်သွားတယ် သူကတော့ မိုးမခပင်ကြီးရဲ့​​အောက်မှာပဲရပ်နေလျက်သားရှိနေပါတယ်။



သူ စေလိုရာ (As Your Wish)Donde viven las historias. Descúbrelo ahora