~၁~

1.8K 151 5
                                    

နွေရဲ့ညတွေဟာ ဘယ်ကအစပြုခဲ့သလဲဟုဆိုရလျှင် မတော်တဆတွေ့မိသည့် status တစ်စောင်ကစခဲ့တယ်လို့ပြောရမှာပါပဲ..

အဲ့ဒီနေ့က နွေရာသီရဲ့ သာမန်နေ့လေးတစ်နေ့ပါပဲ၊ ပျင်းရိငြီးငွေ့ဖွယ်ကောင်းလှသလို နေအပူရှိန်ကလည်း global warming နဲ့အတူ အတော်လေးပြင်းလှပါတယ်၊ အပြင်ထွက်ပြီးလျှောက်လည်ရတာမကြိုက်တဲ့ ည အဖို့တော့ နေပူပူရာသီဥတုဟာ တခြားသူတွေကိုငြင်းပယ်ဖို့အတွက် အကြောင်းပြချက်ကောင်းကောင်းဖြစ်နေခဲ့ပြန်ရော၊ သို့သော်လည်း အတော်လေးပျင်းစရာကောင်းသည်ကတော့အမှန်ပါပဲ။

လမ်းတစ်လျှောက်ရောင်းနေသည့် စက်ဘီးထီသည်ဦးလေးကြီးဆီက သင်္ကြန်သီချင်းသံတွေကို တစ်ချက်တစ်ချက်ကြားရသလို ခြံဝန်းထဲကအပင်တွေဆီထက်တွေ ဥဩတွန်သံကိုလည်းတစ်ချက်တစ်ချက်ကြားရပြန်ပါတယ်၊ သင်္ကြန်ရောက်ခါနီး နွေဦးမိုးရွာချခဲ့တာကြောင့် ခြံပြင်ကပိတောက်ပင်လည်း ပိတောက်ဖူးတွေဖူးနေသလို ရွက်သစ်တွေဝေနေတဲ့ အပင်တွေကလည်းစိမ်းစိမ်းလန်းလန်းရှိနေလေရဲ့။

ဒါပေမဲ့လည်း ညအတွက်တော့ ဒီမြင်ကွင်းကမွေးကတည်းကမြင်လာရတာဖြစ်လို့ နည်းနည်းတော့ရိုးအီနေပြီဖြစ်၏။ ဟိုတယ် reception နေရာမှာ ပျင်းရိခွေခေါက်စွာ ထိုင်ကာ ဖုန်းပွတ်ရင်း အချိန်တွေမြန်မြန်ကုန်ဆုံးဖို့ကြိုးစားနေခဲ့တာပင်။

ပြောရရင်တော့ ညတို့မိသားစုပိုင်တဲ့ ဟိုတယ်က resort ပုံစံလို့ပဲပြောရပါမယ်၊ ရန်ကုန်မြို့ပြင်ဘက်မှာတည်ရှိပြီး ခြံဝန်းအကျယ်ကြီးမှာ စိမ်းလန်းနေသည့်သစ်ပင်တွေ၊ မြက်ခင်းစိမ်းတွေ၊ သဘာဝအလျောက်ဖြစ်နေသည့် စိမ့်ရေကန်နှင့် ယခုနောက်မှ ပြန်လည်ပြုပြင်ထားသော အပန်းဖြေလို့ရမည့်နေရာတချို့နှင့်ပန်းပင်တော်တော်များများရှိပါ၏။ ခြံနောက်မှာတော့ စိမ်းလန်းနေသည့်စပါးခင်းတွေနှင့် လယ်မြေပေါင်းများစွာရှိသလို မိုးရာသီဆိုရင်တော့အတော်ကိုလှသည်ဟုဆိုရပေမည်။ ဟိုတယ်ကအင်တာနက်ပေါ်မှာလည်း အနည်းငယ်နာမည်ကြီးသလို တစ်ခါတစ်လေ မြို့ကြီးမှာနေရင်း အသက်ရှုကြပ်လာသူတွေအဖို့ အပန်းဖြေလို့ကောင်းသည့်အတွက် ပိတ်ရက်တွေမှာတော့ လူစည်ကားပါသည်။

Summer NightWhere stories live. Discover now