~၁၂~

2.6K 172 26
                                    

ညနေစောင်း၏ရာသီဥတုဟာ နေပူချိန်လျော့ကျသွားပြီဖြစ်သော်လည်း ကျန်ရှိသည့်အပူရှိန်ကြောင့် အတော်လေးတော့ပူအိုက်၏။ သို့သော် သစ်ရိပ်ဝါးရိပ်ကပေးသောအေးမြမှုနှင့် တောင်ပေါ်၏လေတိုက်ခတ်မှုဟာ အေးမြတာကြောင့် အပူတွေကိုစုပ်ယူသွားသလိုပင်။

"ရေသောက်မလား"

ညလှမ်းပေးလိုက်သောရေဘူးကို နွေကလှမ်းယူလိုက်၏။ ချွေးစို့နေသောကြည်လင်လှသည်မျက်နှာလေးဟာ မောပန်းမှုကြောင့်အနည်းငယ်နီရဲနေ၏။ ညတို့မန္တလေးတောင်ကိုတက်ရာတွင် စောင်းတန်းလေးခုတွင်အတိုဆုံးဖြစ်သည့် မန္တလေးဘိုးဘိုးကြီးနတ်နန်းရှိသောစောင်းတန်းကနေတက်ကြတာပင်၊ အစပိုင်းတွင် စောင်းတန်းတွေဟာလူပြတ်တာကြောင့် ကားနဲ့ပဲတက်လိုက်ဖို့စဉ်းစားလိုက်ကြသော်လည်း ယနေ့မှစောင်းတန်းကတက်သည့်သူများနေသလို ဧည့်သည်တွေလည်းများပြားနေတာကြောင့် စောင်းတန်းကတက်ဖို့ပဲလုပ်လိုက်ကြသည်။ ညအတွက် ဒီစောင်းတန်းလောက်ကို တက်ရသည်မှာဘာမှမခက်ခဲလှသော်လည်း တောင်တက်သည်ဆိုသည်မှာလည်း အလေ့အကျင့်မရှိလျှင် အားကစားလုပ်လေ့ရှိသူတောင်အဆင်မပြေလှပေ။

"ရေကို နည်းနည်းပဲငုံသောက်နော် အများကြီးမသောက်နဲ့"

နွေက ခေါင်းညိမ့်ပြတော့ မောပန်းကာ ချွေးစို့နေသည့် နွေကို သနားဂရုဏာသက်မိသည်။

"နွေ ရရဲ့လား ခဏလောက်နားကြရအောင်"

စောင်းတန်းရှိအုတ်ခုံမှာ နွေ့ကိုဆွဲထိုင်လိုက်ကာ တစ်ရှူးတွေကိုဆွဲထုတ်လိုက်ပြီး ညင်ညင်သာသာသုတ်ပေးလိုက်မိ၏။ အိတ်ထဲကသကြားလုံးတစ်လုံးကိုလည်းဖောက်ကာ နွေ့ပါးစပ်ထဲကိုထည့်ပေးလိုက်တော့ နီရဲကာနူးညံ့သည့်နှုတ်ခမ်းလွှာတွေ၏အထိအတွေ့ကို လက်ချောင်းတွေကနေတစ်ဆင့်ခံစားလိုက်ရ၏။

ည စိတ်ဓာတ်ကျစွာနွေ့ကိုကြည့်လိုက်ရင်း

"ညတို့ကားနဲ့ပဲတက်ခဲ့သင့်တာ"

ညည်းညည်းညူညူပြောလိုက်တော့ နွေကညကိုကြည့်ပြီး

"ဘာမှမဖြစ်ပါဘူး တက်ဖူးတက်စမရှိလို့ပါ တက်ရင်းတဖြည်းဖြည်းအဆင်ပြေသွားမှာပဲ"

Summer NightWhere stories live. Discover now