နွေ့ကိုလာကြိုသော အမျိုးသားဟာ နွေနှင့်ညတို့ကို တံခါးသော့ခတ်ထားသော ခြံနှင့်အိမ်ရှေ့မှာချပြီး နှုတ်ဆက်ကာထွက်ခွါသွားလေ၏။ အိမ်ကလူမနေသည်မှာကြာမြင့်နေသည့်ပုံစံပေါက်သော်လည်း အမြဲလိုလိုသန့်ရှင်းရေးလုပ်ထားသည်မှာသိသာနေသည်။ နွေကအိတ်ထဲက သော့တစ်ချောင်းကိုယူပြီး ခြံတံခါးဖွင့်လိုက်တော့ ညကအထုတ်တွေကိုဆွဲကာလိုက်ဝင်လိုက်သည်။ အိမ်ကား တစ်ထပ်တိုက်သေးသေးလေးနှင့် နေချင်စဖွယ်ပုံစံဖြစ်ကာ မီးခိုးရင့်ရောင်ကိုသုတ်ထား၏။ ပန်းပင်တွေတော်တော်များများကိုလည်းချိတ်ဆွဲထားသလို လူသွားလမ်းလေးတစ်လျှောက်မှာလည်း ပန်းအိုးတွေကို စနစ်တကျစီထားကာ သေချာစိုက်ပျိုးထားလေ၏။ ကြည့်လိုက်သည်နှင့်အိမ်ပိုင်ရှင်ဟာ ပန်းပင်တွေကိုချစ်မြတ်နိုးမှန်းသိသာလှသည်။
အိမ်ထဲကိုသော့ဖွင့်ပြီးဝင်လိုက်တော့ အိမ်ထဲတွင်လည်း သန့်ရှင်းကာ ရှင်းလင်းနေ၏။ ဆက်တီစားပွဲခုံတွေဟာလည်း သေသပ်စွာနေရာချထားပြီး နံရံထက်တွင်ပန်းချီကားတစ်ချို့ကိုချိတ်ဆွဲထားလေသည်။
"ဒီမှာကဘယ်သူမှမနေဘူးလား နွေ"
စပ်စပ်စုစုကြည့်ရင်း အခန်းတံခါးသော့ဖွင့်နေသည့်နွေကိုမေးလိုက်မိသည်။
"အင်း"
အခန်းတံခါးကိုသော့ဖွင့်ပြီးဝင်လိုက်တော့ အခန်းထဲတွင်လည်း ကုတင်တစ်လုံး၊မွေ့ရာနှင့် အဝတ်ဗီရိုသာရှိပြီး ရှင်းလင်းလွန်းလှ၏။ နွေကအဝတ်ဗီရိုကိုသော့ဖွင့်ကာ မီးခိုးရောင် အိပ်ရာခင်းနှင့် သေသပ်စွာထပ်ထားသော ခေါင်းအုံး၊ စောင်တွေကိုထုတ်ယူလိုက်၏။ ည အလိုက်တသိပဲ နွေနှင့်အတူ အိပ်ရာကို ပြင်ဆင်ပေးလိုက်သည်။
"ဒီအိမ်ကနွေ့အိမ်လား"
"အစ်ကိုအိမ်"
"ထင်တော့ထင်သား အိမ်မှာ မိန်းကလေးဆန်တဲ့အငွေ့အသက်တစ်ခုတောင်မရလို့လေ"
"အင်း"
နွေကသိပ်ပြောချင်ပုံမရတာကြောင့် ညစကားလမ်းကြောင်းလွှဲလိုက်သည်။
"နွေ ညတို့ ညစာဘာစားကြမလဲ"
"လမ်းထိပ်မှာ ညဘက်ထမင်းကြော်ဆိုင်ရှိမယ်ထင်တယ် အရင်ကတော့ င်္သကြန်တွင်းလည်းဖွင့်တယ် မဟုတ်လည်း ကိုနိုင်ကိုအကူအညီတောင်းလိုက်မယ်"