ခွဲခွါရခြင်းတွေအကြောင်းပြောကြတဲ့အခါ လူတွေကတသသဖြစ်တတ်ကြ၏။ ယခုလည်း နွေ့အတွက် ထင်ခဲ့မိတာက တသသဖြစ်နေရလောက်အောင်ထိမဟုတ်ခဲ့ဘူးဟု၊ ဒါပေမဲ့ တကယ်လည်း ကိုယ့်ရှေ့ကနေတဖြည်းဖြည်းဝေးကွာသွားတဲ့ ပုံရိပ်ကိုကြည့်ပြီး ခံစားချက်တချို့ဟာ တဖြည်းဖြည်းချင်းမြင့်တက်လာသလို၊ အသက်ရှုကြပ်မိ၏။ တစ်ဆက်တည်း တွေးမိတာက ပြန်မတွေ့ဖြစ်ကြတော့ရင် ဒီလိုပဲ ဒီလိုမျိုး တဖြည်းဖြည်းနှင့် ဘဝထဲမှာ အမှတ်တရမှတ်ဉာဏ်ပုံရိပ်သပ်သပ်၊ ခံစားချက်ရဲ့နစ်မွန်းမှုသပ်သပ်၊ သတိရသည့်အခါ နာကျင်မှုသပ်သပ် အဲ့လိုပဲပြောင်းလဲသွားတော့လေမလား။
ခေါင်းကိုငုံ့လိုက်တော့ လက်ဖမိုးပေါ်ကိုကျလာသည့်မျက်ရည်စက်တချို့ဟာ ဘာကြောင့်ဆိုတာ အဖြေရှာရခက်ခဲလွန်းလှ၏။
~~~~~~~~~
"နွေ အိပ်ပျော်နေတာလား"
"မဟုတ်ပါဘူး ဒီတိုင်းပဲ"
"အိပ်ပျော်နေတာလားလို့ ဘယ်လိုလဲ ဧရာဝတီခရီးစဉ်ကပျော်ခဲ့ရဲ့လား"
နွေဘာမှပြန်မပြောတော့ သူငယ်ချင်းဖြစ်သူကဆက်လက်၍ပြောပြန်သည်။
"တကယ်ဆို လိုက်ချင်တာဟယ် ငါ့ယောက္ခမကနေမကောင်းကလည်း တိုက်တိုက်ဆိုင်ဆိုင်ဖြစ်တော့ မသွားရဘူး ကလေးကတစ်မျိုး၊ အခုတောင်ပြန်လိုက်ချင်လို့ဂျီကျနေတာ သူ့အဘိုးအဘွားတွေကဆွဲထားတာရော၊ သူ့အဖေရောကျန်ခဲ့တာဆိုတော့ မနေချင်နေချင်နဲ့ နေခဲ့လေရဲ့"
"ကျောင်းပိတ်ရက်လေးတွေမှာ ငါတို့အမေတွေကိုအေးအေးဆေးဆေးပေးနေပါဦးလို့ ငါ့သမီးကိုလည်းငါ့မှာနားချနေရတယ်"
ကားနောက်ခန်းကသူငယ်ချင်းကလည်းလှမ်းပြောတော့ နွေရယ်လိုက်သည်။ သူငယ်ချင်းတွေအကုန်နီးပါး အိမ်ထောင်ကျပြီးသားသမီး၊ခင်ပွန်းနှင့်ဆိုတော့ သူတို့အတွက် သူ့တို့သားသမီးအကြောင်း၊ အမျိုးသားအကြောင်း၊ ယောက္ခမဆွေမျိုးအကြောင်းကပြောမကုန်လှပေ၊ ထိုသို့သောစကားဝိုင်းထဲတွင်တော့ နွေကနားထောင်သမားသပ်သပ်ပင်။
"နွေ့ကို တကယ်အားကျတယ်ဟယ် ဘာလို့များလင်ယူမိပါလိမ့်လို့တွေးမိတိုင်း ပြန်အမ်းချင်စိတ်ပေါက်တယ်"