ညည့်နက်လာလေ ရာသီဥတုပြောင်းလဲမှုဟာပိုသိသာလေပင်၊ ဒီဒေသတွေမှာ တွေရာသီတွင်နေ့ပူ၍ညအေး၏။ မနက်မိုးလင်းခါနီးဆိုရင် စောင်တစ်ထည်တော့ ခြုံအိပ်ရသေးသည်။ညစာအနည်းငယ်စားပြီးနောက် ဆက်တီပက်လက်ကုလားထိုင်ပေါ်မှာထိုင်ရင်း ဝယ်ထားသည့် ဖရဲသီးကိုရေခဲစိမ်ကာစားပြီး လေညှင်းခံရတာဟာ တကယ်ကို အရသာရှိလွန်း၏။ ဖရဲသီးတွေဟာလည်း အခုမှ အခင်းထဲကလတ်လတ်ဆတ်ဆတ်ခူးပြီးလာရောင်းတာဖြစ်တာကြောင့် စားရတာ လတ်ဆတ်ချိုမြိန်လှ၏။
"ဒီနေ့ကအကြိုနေ့ပဲ တကယ်ပဲမေ့နေခဲ့တာ ဗန်းမော်ကထွက်လာတုန်းကသတိရသေးတယ် သင်္ဘောပေါ်ရောက်တော့ မေ့သွားရော"
ည့အတွက် ဖရဲသီးတွေကို အတုံးတုံးလေးတွေလှီးကာ ရေခဲထည့်ထားသည့် ဖလားထဲကိုထည့်ပေးနေသည့် နွေ့ကိုလှမ်းပြောလိုက်မိသည်။ တကယ်ကိုပဲ သင်္ဘောပေါ်ရောက်ကတည်းက သင်္ကြန်ရက်တွေကိုမေ့နေခဲ့တာပင်။
"ဧရာဝတီက အရမ်းလှတော့ ရေကစားရတာကိုတောင်မေ့သွားတယ် နွေ ညတို့မနက်ဘက်သွားလည်ရင် ရေပက်ခံရမှာလားဟင်"
"အင်း ပက်မှာပေါ့ မနက်ဖြန်ကအကျနေပဲလေ"
"အာ.. ရေပက်မခံချင်ဘူး ဘယ်လိုလုပ်ရမလဲ"
ချွဲချွဲနွဲ့နွဲ့ဖြင့် နွေ့၏လက်မောင်းပေါ်ကို နဖူးအပ်ကာ အသာအယာပွတ်တိုက်မိ၏။
"သင်္ဘောပေါ်မှာနေခဲ့လေ အဲ့ဒါဆို ရေပက်မခံရတော့ဘူးပေါ့"
"နွေ ... နွေကလေ ဟွန့် ဘာလို့များ နွေကာကွယ်ပေးမယ်လို့မပြောရတာလဲ"
"တို့မှမကာကွယ်ပေးနိုင်ဘဲ"
ခပ်တည်တည်နှင့်ပြောလာသောနွေ့ကိုကြည့်ကာ ရယ်လိုက်ပြီး
"နွေ ဒီပုံစံနဲ့ဆိုရင် ဘယ်တော့မှရည်းစားရမှာမဟုတ်ဘူး"
"ဒါဆို ညမှာရောရှိလို့လား"
နွေ့စကားကြောင့် ညအနည်းငယ်ဆွံ့အသွားကာ စိတ်ဆိုးသွားပြီး နွေ့၏လက်မောင်းရင်းကို အားပါပါလေးကိုက်ပစ်လိုက၏။ နွေဟာ တကယ်ကို စိတ်ဆိုးချင်စရာကောင်းလှ၏။
ည၏မြစ်ရေပြင်ဟာ ရံဖန်ရံခါ ကြက်ခွပ်လှိုင်းလေးတွေထတာကလွဲရင် တည်ငြိမ်လွန်းလှ၏။ မီးခိုးရောင်ကောင်းကင်တွင် တစ်ခြမ်းပဲ့လဟာနံဘေးတွင် တိမ်မျှင်ခပ်ပါးပါးဝန်းရံလျက်ချိတ်ဆွဲနေ၏။ မြို့ဆိပ်ကမ်း၏မီးရောင်ထိန်ထိန်နှင့် ပျံ့လွင့်နေသော သင်္ကြန်တေးသံတွေဟာလည်း ခပ်သဲ့သဲ့ကြားရမြင်ရ၏။ အောက်ထပ်က အမျိုးသားတစ်ချို့ကတော့ ငါးမျှားတံတွေထုတ်ကာ ငါးမျှားနေကြသလို ဘီယာဝိုင်းပါလုပ်နေကြသည်။ ညတို့ကိုဖိတ်ခေါ်သော်လည်း ငြင်းလိုက်သည်။