"လင်းပိုင် လင်းပိုင်တွေ ဧရာဝတီလင်းပိုင်တွေ"
မနက်စောစော သင်္ဘောထွက်လာပြီး ခဏကြာတော့ ဧရာဝတီရှားပါးမျိုးစိတ်တစ်ခုဖြစ်သော ဧရာဝတီလင်းပိုင်တွေကို မြင်တွေ့ရတော့သည်။ အောက်ထပ်က အသဲအသန်အော်သံကြောင့် သောက်နေသော ကော်ဖီခွက်ကို မြန်မြန်ချကာ သင်္ဘောထိပ်ဦးကိုဆီကို ပြေးကြည့်တော့ လင်းပိုင်တွေကို နှစ်ကောင်တွဲစီနှင့်နှစ်တွဲတွေ့ရ၏။ ရေခြောက်မိနစ်ခန့်သာငုပ်နိုင်ကြပြီး ရေငုပ်လိုက်ပြန်ပေါ်လိုက်နှင့် ကူးခပ်နေကြသော လင်းပိုင်တွေကို မလန့်စေရန် သင်္ဘောကိုစက်ရှိန်သတ်ထားရသည်။ အားလုံးလည်း စိတ်လှုပ်ရှားစွာ ဓာတ်ပုံတွေရိုက်ကြရင်း အလုပ်ရှုပ်နေကြသလို ညသည်လည်း အမိအရရိုက်ယူထားမိ၏။
ရှားပါးမျိုးစိတ်ဖြစ်သလို မျိုးသုန်းတော့မည့်အန္တရာယ်ကြုံတွေ့နေရသည့် ဧရာဝတီလင်းပိုင်လေးတွေဟာ အကောင်ရေအားဖြင့် ၇၀ လောက်သာကျန်ရှိတော့၏။ (ယခုဆို ၅၀ လောက်) မထိန်းသိမ်းဘူးဆိုရင်တော့ သေချာပေါက်မျိုးတုန်းတော့မည်ပင်။ ကင်မရာထဲက အမိအရရိုက်ယူထားသော ပုံကိုကြည့်ရင်း သက်ပြင်းချလိုက်မိသည်။
"နွေ အကောင်လေးတွေက တကယ်သနားစရာလေးတွေ မျိုးတုန်းသွားရင်ဘယ်လိုလုပ်မလဲဟင်"
နွေက ည၏ဝမ်းနည်းနေသည့်မျက်နှာကို ခဏကြည့်လိုက်ပြီး ခေါင်းကိုခပ်ဖွဖွပုတ်လိုက်ကာ
"မြန်မာပြည်မှာမျိုးတုန်းလည်း မဲခေါင်မြစ်ထဲမှာကျန်ဦးမှာပါ"
"နွေကလည်း ညတို့နိုင်ငံမှာလည်း မျိုးမတုန်းဘဲရှိစေချင်တာပေါ့"
"အဲ့ဒါတော့ တို့တွေတတ်နိုင်တဲ့ကိစ္စမဟုတ်ဘူးလေ တို့တွေတတ်နိုင်တာက ကိုယ့်အနီးအနားကလူကို သေချာပြောပြပေးဖို့ ဖြန့်ဝေပေးဖို့ပဲလုပ်နိုင်တာမလား တကယ်တာဝန်ရှိတဲ့သူကမှ ဘာမှမလုပ်ရင် ဘာမှဖြစ်လာမှာမဟုတ်ဘူး"
ည သက်ပြင်းငွေ့ငွေ့ချလိုက်ရင်း
"အသိဉာဏ်၊ ဆင်းရဲမှု၊ ပညာရေးနိမ့်ပါးမှုထိပ်ပိုင်းကမကောင်းရင် အောက်ကလည်းမကောင်းဘူး အဲ့လိုနဲ့လည်ပတ်နေတာ"