အောက်ထပ်မှာတော့ ညစာစားပြီးကတည်းက ဝိုင်းဖွဲ့ကာ သောက်စားနေကြသော်လည်း အပေါ်ထပ်ကတော့ ဆိတ်ငြိမ်လွန်းလှ၏။ သင်္ဘောကျောက်ချရာနေရာသည် ဆိပ်ကမ်းမဟုတ်သလို မြို့ဘက်ကိုလည်းမရောက်တာကြောင့် ကမ်းစပ်ရှိတံငါတဲတချို့၏ ဘတ်ထရီမီးမှိန်မှိန်ကလွဲရင် ကမ်းစပ်မှာ အလင်းရောင်ဆိုလျှင် ကောင်းကင်ထက်ကတခြမ်းပဲ့လနှင့် ကြယ်ရောင်စုံတို့၏ ဖျော့တော့သောအရောင်သာရှိ၏။
သင်္ဘောအနီးတစ်ဝိုက်တွင်တော့ သင်္ဘောပေါ်ရှိမီးရောင်ကြောင့် အကွာအဝေးအနည်းငယ်ထိလှမ်းမြင်နေရသော်လည်း ပို၍ကွာဝေးလေ ဝေဝါးလေဖြစ်သလို အမှောင်ထုဟာကြီးစိုးထား၏။ ဘာညစ်နွမ်းမှုမရှိသည့် လေအေးတွေလည်း တိုက်ခတ်နေသလို ကြက်ခွပ်လှိုင်းသေးသေးတွေဟာ မြစ်ရေပြင်မှာပြေးလွှားလို့နေသည်။
ဆက်တီကုလားထိုင်ပေါ်မှာ ခပ်လျောလျောထိုင်ချရင်း ငေးကြည့်နေမိတာဟာ အတော်ကြာခဲ့ပြီ၊ ညစာစားပြီးကတည်းက နွေနှင့်မျက်နှာချင်းမဆိုင်ရသေးသလို မတင်မကျနှင့် နေရခက်မှုဟာကြီးစိုးနေလေတော့ ရှောင်နေမိလေသလားမပြောတတ်၊ အမှန်အတိုင်းပြောလိုက်လျှင်ကောင်းမလားဟုတွေးမိသော်လည်း ဆက်ဆံရေးတစ်ခုဟာအေးစက်သွားမည်ကို ကြောက်မိနေ၏။
ငေးမောနေမိရင်း ရုတ်တရတ်အနားမှာ ကိုယ်ငွေ့နွေးနွေးနှင့် ရက်ပိုင်းအတွင်းရင်းနှီးနေသည့်ရေမွှေးရနံ့ကိုရလိုက်တော့ နွေဆိုတာတန်းသိလိုက်သည်။
"ကြယ်တွေစုံတယ်နော် မြင်ကွင်းကအရမ်းလှတာပဲ ကြယ်တွေကိုရေတွက်နေတာ တစ်ထောင်နဲ့ နှစ်ဆယ့်ရှစ်လုံးရှိပြီ"
ည ရယ်မောလိုက်ရင်း နွေ့ကိုခပ်တိုးတိုးပြောလိုက်သည်။ နွေက ည၏စကားကို နားထောင်နေသော်လည်း မရယ်ဘဲ တည်ကြည်စွာပင်ညကိုကြည့်လာ၏။
"ဘာဖြစ်လို့လဲ ညမျက်နှာမှာ တစ်ခုခုရှိနေလို့လား"
"မရှိပါဘူး"
ည ရယ်မောလိုက်ရင်း နွေ့ရဲ့ပခုံးပေါ်ကို ခပ်သာသာလေးမှီထားလိုက်သည်။ နွေ့ရဲ့ လက်ချောင်းသွယ်သွယ်ရှည်ရှည်တွေကို ဆုပ်ကိုင်ရင်း အပြန်ပြန်အလှန်လှန်ကြည့်ကာ