Part : 9

1.2K 124 19
                                    

ရင်ထဲကို အေးချမ်းသွားစေတာမို့ ရွှေရင်အေးတဲ့ ..
ဒါဆို ကိုကိုက ငါ့ရဲ့ ရွှေရင်အေးလေးပေါ့။

လွမ်းနွေက အဖျားဝင်သွားတာ ခဏတာပါပဲ။ နှစ်တိုင်း သင်္ကြန်ပထမဆုံးရက်ဆို ဖျားတတ်လွန်းလို့ မိခင်ဖြစ်သူက အပြင်မထွက်စေခဲ့တဲ့ သင်္ကြန်တွေဘယ်လောက်တောင်များနေခဲ့ပြီလဲ။

အန်ဒရီ့အခန်းရှေ့ရပ်လိုက်ပြီး အထဲကိုကြည့်လိုက်မိသည်။ အန်ဒရီက အခန်းတံခါးကို ခပ်ဟဟလေးဖွင့်ထား၏။

စာရေးစားပွဲခုံပေါ်ခေါင်းငိုက်စိုက်လို့ ဘာတွေရေးနေမှန်းမသိသည့် အန်ဒရီ့ကို လွမ်းနွေက စက္ကန့်ပိုင်းလောက် ရပ်ကြည့်နေမိသည်။ အန်ဒရီထိုင်နေတဲ့ ခုံလေးက သူငယ်ငယ်က အသုံးပြုခဲ့တာလေးမို့ အန်ဒရီနဲ့ ယှဉ်ရင် အတော်လေးသေးနေသည်။ လွမ်းနွေက အရွယ်နှင့်မလိုက်အောင် ထွားလွန်းသည့်ကောင်ကလေးကြောင့် ပြုံးလိုက်မိသေး၏။

"အန်ဒရီ"

"ဟုတ် ကိုကို"

အခန်းတံခါးကိုခေါက်ရင်း နာမည်ခေါ်လိုက်တော့ အသံစာစာလေးနဲ့ ပြန်ထူးလာတဲ့ ဂျစ်ပွေးကောင်။

"ငါ .. သူငယ်ချင်းတွေကို ဖုန်းဆက်ပေးထားတယ်၊ နက်ဖြန်အကျနေ့အတွက် အန်ဒရီ့ကို သူတို့တွေလာခေါ်ပေးလိမ့်မယ်၊ ကားနဲ့လိုက်သွားပြီးပျော်ခဲ့နော်"

အန်ဒရီက မျက်မှောင်ကြုတ်လို့ လွမ်းနွေ အနားသို့လျှောက်လာရင်း ..

"ဟင် .. ကိုကိုကရော၊ ကိုကိုက နေလည်းမကောင်းသေးဘဲနဲ့"

"ငါက သက်သာသွားပြီလေ၊ ဒါပေမယ့် ငါက နက်ဖြန် မေမေနဲ့ လမ်းထဲမှာ ရွှေရင်အေး တိုက်ဖို့ လုပ်ရမှာဆိုတော့လေ၊ အဲ့တာ နက်ဖြန်တော့ ငါမလိုက်ဖြစ်လောက်ဘူး.. ငါ့သူငယ်ချင်းတွေကို မင်းအကြောင်းပြောပြထားတယ် သူတို့ သေချာလေးခေါ်သွားပေးလိမ့်မယ်"

"ကိုကို မလိုက်ဘူးဆို ငါလည်းမသွားဘူးလေ"

အိပ်ခန်းတံခါးဝမှာ မတ်မတ်ရပ်လို့ ပြောနေကြတဲ့ သူတို့နှစ်ယောက် .. လွမ်းနွေက အန်ဒရီ့ ကုတင်ပေါ်က ဒီအတိုင်းလေးပုံထားသည့်စောင်တွေကို မမြင်ရက်လို့ ရှင်းဖို့ရာအတွက် အခန်းထဲဝင်လာလိုက်သည်။

လွမ်းရခက်တဲ့ နွေရက်ကလေးရေ ...Where stories live. Discover now