Top 6 ယှဉ်ပြိုင်မှုတွင် ညဉ့်ဦးယံမှာဒုတိယအကြိမ် Bottom ထိုင်ရပြန်သည်။ ဒီရလဒ်ကိုသူမျှော်မှန်းပြီးသားပါ။ သူ့အားနည်းချက်သီချင်းအမျိုးအစားဖြစ်ခဲ့သလို ဆိုခါနီးအချိန်မှာလည်းစိတ်နဲ့လူသိပ်မကပ်ချင်ဖြစ်ခဲ့တာကို သူကိုယ်တိုင်အသိဆုံးမဟုတ်လား။ ဘေးခုံမှာထိုင်နေတဲ့အရုဏ်ဦးကတော့ ခပ်အေးအေးမျက်နှာထားနှင့်ရှိနေပုံကြောင့် သက်ပြင်းရှိုက်လိုက်မိသည်။
ခပ်အေးအေးမျက်နှာထားပေါ်တွင် ဒီအဆင့်ကိုကျော်ဖြတ်နိုင်တယ်ဆိုသောယုံကြည်ခြင်းက သိသိသာသာပေါ် ထွက်နေ၏။ ညဉ့်ဦးယံသတိထားလိုက်မိတာက အရုဏ်ဦးအကြည့်တွေကတစ်ချက်တစ်ချက်ကိုကို့ဆီကိုရောက်နေသလိုပဲ။ ဘာကြောင့်ရယ်မသိ ဒီတစ်ပတ်မှာသူအိမ်ပြန်ရပြီလို့စိတ်ကအလိုလိုသိနှင့်နေပြီ။ စိတ်ကိုလျော့ချလိုက်သည်နှင့် နေရာတာသက်တောင့်သက်သာဖြစ်သွား၏။
လာရင်းရည်ရွယ်ချက်က မျှော်လင့်ထားခဲ့တာထက်တောင်ပြည့်စုံခဲ့တာပဲ။ ကိုကို့ကိုတွေ့ဆုံခွင့်ရခဲ့သလို ကိုကို့ဆီကလည်းအသိအမှတ်ပြုတာကိုရရှိခဲ့ပြီးပြီးလေ။ သူလာခဲ့ရကျိုး ကြိုးစားခဲ့ရကျိုးနပ်ပါတယ်လေ။ တင်ဆက်သူအစ်ကိုကညဉ့်ဦးယံနှင့်အရုဏ်ဦးတို့ကိုခေါ်လိုက်ချိန် စတိတ်စင်အလယ်တွင်နှစ်ဦးသားရပ်လိုက်၏။
"ဒီပြိုင်ပွဲဝင်နှစ်ဦးထဲကတစ်ဦးက Top 6 ကိုဆက်တက်သွားရမှာဖြစ်ပြီး ကျန်တစ်ဦးကတော့..."
ကြားနေကျစကားတွေကိုနားကကြားနေရပေမဲ့ အကြည့်ကကိုကို့ထံရောက်ရှိနေခဲ့၏။ အပြုံးမရှိတဲ့တည်ငြိမ်အေးဆေးလွန်းတဲ့ကိုကို့မျက်နှာထားကိုကြည့်ပြီး သူပြုံးလိုက်မိသည်။ ဝမ်းနည်းစကားဆိုနေတဲ့မရတီအသံကိုကြားလိုက်ရပြီးသည့်နောက် သူကြည်ကြည်လင်လင်ပဲပြုံးနေလိုက်မိ၏။
စင်အောက်ရောက်သည်နှင့် လာရောက်နှစ်သိမ့်ပေးနေကြသည့်ပြိုင်ပွဲဝင်များကို အပြုံးလေးနှင့်ပြန်ပွေ့ဖက်ကာအဆင်ပြေကြောင်းပြန်ပြောနေရင်း စိတ်အိုက်လာ၏။ ရလဒ်ကိုကိုယ့်ဘာသာကြိုသိပြီးသားမို့ ဘယ်လိုမှမခံစားမိခဲ့တာအမှန်။
ယောက်ျားလေးတွေက ပုခုံးကိုပွေ့ဖက်ပြီးကျောကိုပုတ်ကာနှစ်သိမ့်စကားအနည်းငယ်နှင့်ပြီးခဲ့ပေမဲ့ မသော်တာနဲ့မချယ်ရီတို့နှစ်ဦးမှာမျက်ရည်လေးတစမ်းစမ်းဖြစ်နေကြပုံကြောင့် ညဉ့်ဦးယံကပြန်ချော့နေရသည်။