အချစ်ဦးမို့ရူးမတတ်ချစ်သည်။ တစ်ချိန်လုံးပူးကပ်ကာချွဲနွဲ့နေတတ်သောသူ့ကို ကိုကိုကလည်းမငြိုငြင်ပါ။ အားတာနဲ့ကိုကို့အနားမှာတစ်ချိန်လုံးတွယ်ကပ်နေမိတတ်သလို အလုပ်ခန်းထဲဝင်သွားတော့လည်းဘေးမှာထိုင်ပြီးငေးကြည့်နေ သောကြောင့် ကိုကို့မှာအလုပ်ဖြောင့်ဖြောင့်မလုပ်နိုင်ရှာ။
နှစ်ဦးသားရင်းနှီးမှုကမြန်ဆန်နေသလို သူ့မှာဘာကိုမှဂရုမစိုက်နိုင်အောင်ကိုကိုမှကိုကိုဖြစ်နေတော့သည်။ ရောက်တဲ့နေ့မှာပဲနှစ်ဦးသဘောတူရှက်စရာအလုပ်တွေကိုလုပ်ပြီးခဲ့ပြီးမှ ဘာတွေကိုဂရုစိုက်နေရဦးမှာလဲ။ ညအိပ်ခါနီးတဲ့အထိ ကိုကို့အနားကနေမခွဲနိုင်မခွာရက်ဖြစ်နေသောသူ့ကို ကိုကိုကအခန်းထဲအထိလိုက်ပို့ပေးချိန်မှာတော့...။
"ကိုကိုနဲ့အတူတူမအိပ်ရဘူးလားဟင်"
အရှက်ကိုဘေးဖယ်ပြီးခပ်ပြောင်ပြောင်မေးလိုက်မိတော့ ငေးစိုက်ကြည့်နေပြီးမှသက်ပြင်းကိုချကာ...။
"အိပ်ရမှာပေါ့ကလေးရယ်၊ ခုတော့မဟုတ်သေးဘူးနော်။ အချိန်တစ်ခုယူရမယ်လေ"
"လိုလိုလား"
"မင်းတော်တော်ဆိုးတာနော်၊ ပြောပြမယ်သေချာနားထောင်။ ကိုကိုတို့ကအတိုင်းအတာတစ်ခုအထိရင်းနှီးလို့ရတယ်ဆိုပေမဲ့ နောက်ဆုံးအဆင့်ကိုတော့အချိန်ယူပြီးပြင်ဆင်ကြရမယ်လေ။ သိသင့်သိထိုက်တာတွေကိုလေ့လာထားရ မယ်နော်။ ကိုယ်တို့ရဲ့အမှတ်တရနေ့လေးကို ဒီအတိုင်းပြီးပြီးရောမဖြတ်သန်းချင်ဘူး။ အများကြီးမျှော်လင့်ထားခဲ့တာမို့အချိန်ယူခွင့်ပေးပါအသေးလေးရယ် နော်"
"ကျွန်တော်...ကျွန်တော်ကဖြစ်တယ်။ ကိုကိုဖြစ်နေသမျှဘာမဆိုအဆင်ပြေပါတယ်"
ရှက်ရှက်နှင့်ဝန်ခံလိုက်ပြီးမှ မျက်နှာကိုငုံ့ချထားလိုက်မိသည်။
"ရူးအောင်ပြောနေတော့တာပဲကွာ။ ဒီနေ့အများကြီးပင်ပန်းထားတယ်လေ၊ ကောင်းကောင်းအနားယူနော်။ မနက်ဖြန် Camp ကိုသွားရမှာမဟုတ်လား၊ ဟိုမှာသီချင်းတွေလည်းတိုက်ရဦးမှာလေ"
"အင်းလေ...အဲတာကြောင့်ခွဲမအိပ်ချင်တာပေါ့။ ဟိုရောက်ရင်တော်တော်နဲ့ပြန်လွှတ်ကြမှာမဟုတ်ဘူး။ ကိုစိုင်းကလည်းမပြန်ခင်ထိသူ့တိုက်ခန်းမှာလိုက်နေရမယ်တဲ့။ ပြီးတော့မသော်တာတို့ကလည်းတစ်ရက်ဆုံမယ်လို့ အစောကြီးထဲကကြိုပြောထားတာ။ သူတို့နဲ့တွေ့နေရင်ကိုကို့ကိုမတွေ့ရတော့ဘူး။ ဒီတစ်ရက်ပဲတွေ့ပြီးသုံးလေးရက်လောက်ခွဲနေရဦးမှာဗျ၊ ကိုကိုကမနက်ဖြန်အလုပ်သွားရမှာမဟုတ်လား။ စိတ်ညစ်ပါတယ်ဗျာ"