ကားကိုအိမ်ရှေ့မှာရပ်ခဲ့လိုက်ပြီး တိုက်ထဲပြေးဝင်ကာကိုကို့ကိုရှာဖွေလိုက်၏။ မနက်အစောကြီး Camp ကနေပြန် လာခဲ့ပြီးအပြေးလာခဲ့တဲ့ညဉ့်ဦးယံမှာ Breakfast တောင်စားမလာရသေး။ ၆ နာရီခွဲကျော်ကျော်သာရှိနေသေးတော့ ကိုကို Gym ခန်းထဲမှာရှိနေလောက်တယ်အထင်နှင့် အပေါ်ထပ်က Gym အခန်းထဲပြေးတက်လာချိန်တွင် နားကျပ်ကိုတပ်ကာအပြေးစက်ပေါ်မှာရှိနေတဲ့ကိုကိုက သူဝင်လာတာကိုတောင်သတိမထားမိ။ အနက်ရောင်စွပ်ကျယ်နှင့် Sport ဘောင်းဘီတိုကကိုကို့ခန္ဓာကိုယ်ပေါ်တွင်ချပ်ကပ်နေပြီး မြင်နေရတဲ့လက် မောင်းလက်ဖျံနှင့်လည်ပင်းတစ်လျှောက်တွင် ချွေးစက်များနှင့်ဝင်းမွတ်တောက်ပြောင်နေ၏။
မနက်ခင်းနေရောင်ခြည်ကကိုယ်ပေါ်ကိုဖြာကျနေပြီး ကြည့်ရသည်မှာရင်ခုန်စရာ။ တံခါးကိုအသာပြန်ပိတ်လိုက်ပြီး ကိုကို့နောက်ကျောကိုငေးကြည့်နေမိသည်။ ၁၀ မိနစ်ခန့်အကြာမှပြေးတာကိုရပ်လိုက်ပြီး ရှေ့မှာတင်ထားတဲ့သဘက်ငယ်လေးနှင့်ချွေးစက်များကိုသုတ်ကာ နားကျပ်ကိုဆွဲချွတ်နေသောကိုကိုကချက်ချင်းနောက်လှည့်ကြည့်လာ၏။
တံခါးကိုမှီကာရပ်ငေးနေသောညဉ့်ဦးယံကိုတွေ့လိုက်သည်နှင့်မျက်နှာမှာအံ့ဩသွားဟန်နှင့် မျက်ခုံးနှစ်ဖက်မှာ အနည်းငယ်မြင့်တက်သွားသည်။ ထို့နောက်မျက်ဝန်းတွေမှာတောက်ပသွားခြင်းနဲ့အတူ လက်နှစ်ဖက်ကိုဖြန့်ကား ကာဆီးကြိုလိုက်ဟန်ကြောင့် အသံထွက်အောင်ရယ်မောလိုက်ပြီးအပြေးသွားလိုက်မိ၏။ လည်ပင်းကိုခိုတွဲလိုက်မိခြင်းနှင့်တပြိုင်နက် ခြေနှစ်ဖက်မှာလည်းကိုကို့ခါးကိုခွဖက်လျှက်သား။
"အစောကြီးပါလား"
"ကိုကို့ကိုလွမ်းလို့"
"အချွဲလေးနော်၊ ၄ ရက်လောက်ပျော်မြူးနေခဲ့ပြီးတော့များ"
"မသိဘူး၊ တအားလွမ်းတာပဲသိတယ်"
ကိုကိုကတင်ပါးကနေပင့်ချီထားပြီး ချာလပတ်လည်အောင်မွှေ့နေခြင်းကြောင့် ကိုကို့ပုခုံးပေါ်ခေါင်းကိုမှေးတင်ထားလိုက်ရင်း အသံထွက်အောင်ရယ်နေမိတော့သည်။