ညဉ့်ဦးယံအတွေးထဲမှာစွဲထင်နေတဲ့ကိုကိုက တည်ငြိမ်ပြီးအပြုံးအရယ်နည်းပါးလွန်းပေမဲ့ နုညံ့နွေးထွေးသောမျက်ဝန်းများနှင့် ကြင်နာဖေးမတတ်သောကိုကို။ ညဉ့်ဦးယံအပေါ်မှာဂရုစိုက်တတ်ပြီး စိတ်ရှည်လွန်းတဲ့ကိုကိုပေါ့။
အခုကိုကိုကတော့ မျက်ဝန်းချင်းကြာကြာစိုက်မကြည့်ရဲလောက်အောင် အရှိန်အဝါတွေဖိတ်လျှံကျနေပုံများ တစ်ခြားတစ်ယောက်ပြောင်းသွားသလိုပါလား။
တွေးရင်းနှင့်စိတ်ထဲအားငယ်စိတ်တွေဝင်ရောက်လာ၏။ ဒီလိုပုံစံနဲ့ကိုကို့ကို သူကဘာတွေသွားပြောရမလဲ။ ကိုကို ကျွန်တော်ကညဉ့်ဦးယံပါ၊ မိတ္ထီလာမှာတုန်းကကိုကိုအကြော်အမြဲဝယ်စားတတ်တဲ့ အကြော်ရောင်းတဲ့ကလေးလေးပါ။ ကိုကိုအိမ်နဲ့ခြံဝယ်ပေးပြီး ဖေးမကူညီပေးခဲ့တဲ့ကလေးလေးပါလို့ပြောလိုက်ရင် အင်း...ဟုတ်လားဆိုပြီး ပြီးသွားမှာလား။ ဒီလိုသာတုန့်ပြန်ခဲ့ရင်သူကဘာဆက်ပြောရမလဲ။
ကျွန်တော့်ကတိအတိုင်း ကိုကို့ဆီကိုရောက်အောင်လာနိုင်ခဲ့ပြီ၊ အတူတူနေလို့ရပြီလားဟင်လို့မေးရင်ရော ကိုကိုက လက်ခံမှာတဲ့လား။ ၁၀ နှစ်ကြာအောင်မေ့မရနိုင်တာကညဉ့်ဦးယံဘက်က။ ကိုကို့ဘက်ကရောသူ့လိုအတွေးမျိုးသံယောဇဉ်မျိုး တွယ်တာမှုမျိုးရှိနေနိုင်ပါဦးမလားဆိုတာမသေချာ။
ဘာပဲဖြစ်ဖြစ် ကတိအတိုင်းကိုကို့ကိုလာတွေ့နိုင်ခဲ့ပြီ။ ကိုကို့ကိုကတိပေးထားတဲ့အတိုင်း ဘဝကိုကြိုးကြိုးစားစားနဲ့ ဖြတ်သန်းလာနိုင်ခဲ့ပြီ။ မအောင်မြင်သေးပေမဲ့ အောင်မြင်နိုင်တဲ့လမ်းကြောင်းပေါ်ရောက်နေပြီး အကောင်းဆုံးကြိုးစားနေတယ်ဆိုတာကိုတော့သိစေချင်မိသား။
ပြီးတော့ညဉ့်ဦးယံဘဝမှာ ကိုကိုဟာအမြဲရှိနေခဲ့တယ် ဘယ်တော့မှမမေ့ခဲ့ဘူးဆိုတာကိုသိစေချင်မိတာလည်းရင်ထဲကဆန္ဒအမှန်မို့ တစ်ကြိမ်တစ်ခါလောက်တော့စကားပြောချင်မိသား။
အတွေးများနေစဉ် ဘေးကရွှေရေးရဲ့မသိမသာတွန်းတိုက်လိုက်ခြင်းကြောင့် ခန္ဓာကိုယ်မှာဆတ်ခနဲဖြစ်သွား၏။ အရှေ့ကိုကြည့်နေရင်းမှရွှေရေးက...။