🌹အပိုင်း(၁)🌹

13.2K 91 1
                                    

'ဓနဖြူ' ဆိုသောရွာလေးမှာ မြို့ကြီးပြကြီးများနှင့် အလှမ်း‌ဝေးကွာလှသည့် အညာကျေးရွာလေးတစ်ရွာဖြစ်သည်။ရွာပတ်ပတ်လည်မှာ တောင်ကုန်းတောင်တန်းများကဝန်းရံထားပြီး လယ်ကွက်စိုက်ခင်းများဖြင့်စိမ်းစိုသာယာလှသည်။ ရွာလမ်းလေးများမှာလည်း ရွာ၏အုပ်ထိန်းသူကောင်းမှုကြောင့် ဖြောင့်ဖြူးသာယာကာ သွား‌ရေးလာရေးအဆင်‌ပြေလှသည်။

အလှမ်းဝေးကွာလှသောရွာလေးဆိုပေမဲ့ နေချင်စဖွယ်‌ကောင်းလှသည်။ ထိုရွာလေးက နှစ်စဉ်ကျင်းပလေ့ရှိသည့် မြို့နယ်ကျေးရွာသန့်ရှင်းသပ်ရပ်မှု၊စည်းကမ်းရှိမှုပြိုင်ပွဲတွေမှာ နှစ်တိုင်းဗိုလ်ဆွဲကာ ဆုရလေ့ရှိသည်။ ဒါတွေက ရွာသူရွာသားတွေရဲ့စည်းလုံးညီညွတ်မှု၊ ဇွဲလုံ့လရှိမှု၊ စိတ်အားထက်သန်မှုတို့ကြောင့်လည်း အပါအဝင်ဖြစ်ပေသည်။

ဒီနေ့တွင်‌တော့ထိုရွာလေးမှာ ကလေးသူငယ်များပါမကျန် ရွာသူရွာသား၊အပျိုလူပျိုများ အလုပ်ရှုပ်နေကြသည်။ အကြောင်းက ရွာ၏ သဘောအကောင်းဆုံး၊ အရေးပါဆုံးဖြစ်ပြီး ရွာ၏အကျိုးသယ်ပိုးဆောင်ရွက်ပေးနေသော သူကြီး၏တစ်ဦးတည်းသောသမီး မြမြညို၏ မင်္ဂလာရက်မြတ်သည် မကြာခင်ရောက်ရှိလာတော့မည်ဖြစ်သောကြောင့်ပင်ဖြစ်သည်။

မြမြညို‌ဆိုသည့်အတိုင်းပင် အသားအရည်လေးက နာမည်နဲ့လိုက်အောင်ညိုညိုလေးဖြင့် ရင်ဆဆနှင့်လှသည်။ မှုံ့ညှက်နေအောင် လှသည်မဟုတ်သော်လည်း အိန္ဒြေနှင့်သိက္ခာနှင့်နေထိုင်တတ်သူပီပီ ဝတ်တတ်စားတတ်တာကြောင့် အမြင်မှာအေးမြစေသည်။ ရွာမှာတော့ သူမသည်မိန်းက‌လေးများထဲတွင် အလှဆုံးဟုပြောရပေမည်။

ထို့ကြောင့် မကြာခင်ကြရောက်လာတော့မည့် သူမ၏မင်္ဂလာရက်မြတ်ကြောင့် သူမအားကြိတ်ပိုးနေသည့် ကာလာသားများမှာလည်း အသည်းကွဲသမားများဖြစ်နေရတော့သည်။
ရွာလေးမှာ အနည်းငယ်ဆင်းရဲပြီး အောက်ခြေလူတန်းစားများတာကြောင့် အလယ်အလတ်လူတန်းစားဖြစ်သည့် မြမြညိုတို့အဖို့ ဝတ်နိုင်စားနိုင်၍ အများသူငှာထက် အမြဲတောက်ပနေသည်။

ထိုသည်ကိုမိန်းကလေးအများစုက အားကျရသလို ယေကျာ်းလေးအများစု၏စိတ်ဝင်စားခြင်းကိုလည်း မြမြညိုတစ်ယောက်ခံရသည်။ ထိုအရာများကို သူမတစ်ယောက် ကျေနပ်ကြီးကျေနပ်မိသည်။ သို့သော် မိမိအား လာကပ်သောယောကျာ်းများကို ခပ်တန်းတန်းသာဆက်ဆံဖြစ်သည်။

အချစ်မှအမုန်း....အမုန်းမှအချစ်သို့ (Completed)Where stories live. Discover now