"မင်းလိုချင်တာတွေအကုန်ရပြီ တိုင်ချက်လည်းဖွင့်ပြီးပြီဆိုတော့ ပြန်တော့မှာလား"
ဦးလေးဖြစ်သူက တစ်နေကုန် ဟိုသွားဒီသွားနဲ့ ကူးသန်းနေတဲ့ တူဖြစ်သူကိုကြည့်ပြီး မေးလိုက်သည်။ သူလည်း တူဖြစ်သူရဲ့ကိစ္စတွေအားလုံးကို အစကတည်းကသိပြီးသားဖြစ်သည်။
တူဖြစ်သူရဲ့ကောင်မလေးကိုယ်တိုင်က အကျိုးအကြောင်း အကုန်လုံးလာပြောသွားတာဖြစ်သည်။ အစ်မဖြစ်သူရဲ့လုပ်ရက်များကြောင့် သူလည်းပဲ ခေါင်းမဖေါ်နိုင်အောင်ဖြစ်ခဲ့ရသည်။ ကောင်မလေး ရွာကိုလိုက်သွားဖို့ကိုလည်း သူကိုယ်တိုင်ပဲ ကူညီပေးလိုက်ခြင်းဖြစ်သည်။
လူငယ်တွေကိစ္စထဲလည်း ဝင်မပါချင်၊ လုပ်ငန်းတစ်ဖက်နဲ့လည်း မအားတာကြောင့် တူဖြစ်သူနောက်ကို လိုက်မသွားဖြစ်တာဖြစ်သည်။ တူဖြစ်သူ အကြောင်းအရာတွေ အကုန်သိသွားတဲ့တစ်နေ့ မြို့ကိုဒီလိုပဲ ပြန်လာလိမ့်မယ်ဆိုတာ သူတွက်ပြီးသားဖြစ်သည်။ ထို့ကြောင့် ကူညီနိုင်တာအားလုံး သူကူညီပေးခဲ့သည်။
"မိုးလည်းချုပ်တော့မှာဆိုတော့ ကျွန်တော်မနက်မှပဲ ပြန်ရင်ကောင်းမလားစဉ်းစားနေတာ"
"မင်းသဘောပါ.... မနက်မှပြန်တော့ ပိုကောင်းတာပေါ့ မင်းလည်း တစ်နေကုန်နားမှ မနားရသေးတာ... ဟိုပြေးဒီပြေးနဲ့... ကဲ နားနားနေနေ,နေပြီးမှသာပြန်"
"အင်း ဒါဆိုကျွန်တော် အမေ့ဆီဖုန်းဆက်လိုက်ဦးမယ်"
"အေး အေး"
ဇေ ဖုန်ကိုကိုင်ပြီး ခြံထဲဆင်းကာ မိခင်ဆီကိုခေါ်မယ်လုပ်တော့ တစ်ဖက်ကဖုန်းဝင်လာသည်။ ဆက်လာသူကလည်း မိခင်ဖြစ်နေသည်။ ထို့ကြောင့် သူဖုန်းကိုချက်ချင်းကိုင်လိုက်သည်။
"ဟယ်လို အမေ-"
"သားရေ လုပ်ပါဦး!"
တစ်ဖက်က မိခင်ရဲ့အသံကတုန်တုန်ရီရီနဲ့ထွက်လာတော့ သူ့ရင်ထဲဒိတ်ခနဲဖြစ်သွားရသည်။
"အမေ အမေဘာဖြစ်လို့လဲ?!"
"အမေဘာမှမဖြစ်ဘူးသား ဖြစ်တာကသမီးလေး ...မနက်ကတည်းကယာထဲကိုထွက်သွားတာ အခုထိပြန်မရောက်သေးဘူး"
YOU ARE READING
အချစ်မှအမုန်း....အမုန်းမှအချစ်သို့ (Completed)
Romanceဇေအဂ္ဂမောင်+စံမြန်းမေ (Uni/Zawgyi)