အခန်း (၁) : ကြက်သွေးရောင်

43 4 0
                                    

နာတယ်!

အရမ်းနာတယ်!

ငါ့ခေါင်းကအရမ်းနာနေတယ်!

တီးတိုးပြောသံများနှင့် ပြည့်နှက်နေသည့် မျက်စိကျိန်းလောက်အောင် ဝင်းလက်တောက်ပြောင်နေသော အိပ်မက်ကမ္ဘာသည် ချက်ခြင်းပင် တစ်စစီကွဲအက်သွားခဲ့သည်။ နှစ်ခြိုက်စွာ အိပ်ပျော်နေသော ကျိုးမင်ရွေ့တစ်ယောက် ပုံမှန်မဟုတ်သည့် တဒုတ်ဒုတ်ထိုးနေသော ဦးခေါင်းမှ နာကျင်မှုကို ခံစားမိလိုက်သည်။ တစ်စုံတစ်ဦးက သူ၏ဦးခေါင်းကို အကြင်နာမဲ့စွာ တုတ်ဖြင့် တစ်ချက်ပြီးတစ်ချက်ရိုက်နေသကဲ့သို့ပင်။ မဟုတ် ၊ ချွန်ထက်သောအရာတစ်ခုကို သူ၏နားထင်ထဲသို့ဖောက်၍ ရစ်နေသည်နှင့် ပိုတူသည်!

အိုး....ကျိုးမင်ရွေ့မူးဝေစွာဖြင့် တစ်ဖက်သို့လှည့်ကာ ထထိုင်ရန်ကြိုးပမ်းလိုက်သော်လည်း သူ၏ခန္ဓာကိုယ်က သူ့အားဆန့်ကျင်ပုန်ကန်သွားသကဲ့သို့ပင်။ ခြေလက်များကတုတ်တုတ်မှပင် မရွေ့လေရာ သူသည် မလှုပ်နိုင်မရှားနိုင်နှင့် ကူကယ်ရာမဲ့ဖြစ်နေ၏။

ပုံစံကြည့်ရသလောက် ငါမနိုးသေးဘူးထင်တယ်။ ငါအိပ်မက်မက်နေတာဖြစ်လိမ့်မယ်...ဘယ်သူပြောနိုင်မလဲ ခဏနေရင် ငါနိုးနေပြီလို့တွေးပေမယ့် တကယ်တမ်းကျ အိပ်ပျော်နေသေးတာကို သ‌ဘောပေါက်သွားလောက်မှာပေါ့....

ဤသို့သော စိတ်ရှုပ်ထွေးစရာကိစ္စများနှင့် မစိမ်းသော ကျိုးမင်ရွေ့တစ်ယောက် အာရုံစိုက်ရန်ကြိုးပမ်းလိုက်သည်။ သူ၏စိတ်အားစိုးမိုးထားသော အနှောင်အဖွဲ့များမြူခိုးစိုင်များမှ သူလွတ်မြောက်ရန်လိုအပ်သည်။

သို့သော် သူ၏စိတ်ဆန္ဒတို့အပေါ် အာရုံစိုက်ရန်ကြိုးပမ်းသော်ငြား ယင်းတို့မှာ မြူခိုးငွေ့များနှယ် ပေါ်လိုက်ပျောက်လိုက်ဖြစ်နေသည်မှာ ဖမ်းဆုပ်ရန်ခက်ခဲလှသည်။ သူ၏အတွေးတို့မှာ ထိန်းချုပ်လဲမခံသလို အဆန်းစစ်လဲမခံပါချေ။ သူမည်မျှပင် ကြိုးစားပါစေ သူ၏စိတ်အာရုံသည် အလိုအလျောက်ပေါ်ထွက်လာသော အတွေးများနှင့် ပုံရိပ်များကြား နစ်မြုပ်ပျောက်ကွယ်သွားသည်။

Lord of the Mysteries[Myanmar Translation]Where stories live. Discover now