နာရီဝက်မျှအနားယူပြီးသောအခါ သူ့ကိုယ်သူ လက်ရှိတွင် ခလိုင်းဟု ရှုမြင်လိုက်သော ကျိုးမင်ရွေ့ နောက်ဆုံးတော့ ပြန်လည်သက်သာသွားပြီဖြစ်သည်။ ထိုအချိန်အတောအတွင်းတွင် သူ့လက်အနောက်ဖက်တွင် စတုရန်းပုံပေါ်နေသော အမဲရောင်အစက်လေးစက်ကို ရှာတွေ့ထားသည်။
ထိုအစက်လေးစက်မှာ လွင့်ပါသွားပြီး လျင်လျင်မြန်မြန်ပင် ပျောက်ကွယ်သွားသော်ငြား ထိုအစက်များမှာ သူ၏ခန္ဓာကိုယ်ထဲတွင် ပုန်းအောင်းနေပြီး နိုးထခံဖို့ရာ စောင့်ဆိုင်းနေကြကြောင်း ခလိုင်းသိပါ၏။
"စတုရန်းပုံပေါ်နေတဲ့ အစက်လေးစက် ဒါအခန်းလေးထောင့်စီမှာထားလိုက်တဲ့ အခြေခံစားသောက်ကုန်လေးခုအတွက် အလားတူလား? ဒါငါနောက်ပိုင်းကျရင် စားသောက်ကုန်တွေပြင်စရာမလိုဘဲ အစီအရင်ကိုလုပ်ပြီး တန်းရွတ်ရုံပဲလို့ အဓိပ္ပာယ်ရတာလား" ခလိုင်းမှန်းကြည့်မိသည်။
ထိုသည်မှာ ကောင်းပုံပေါ်သော်လဲ အစက်ပေါ်လာမှုမှာ နိမိတ်သိပ်မကောင်းပေ။ ထို နားမလည်သည့် "အရာ" များမှာ အမြဲတမ်းကြောက်ဖို့ကောင်းပေသည်။
ထိုရှင်းမပြနိုင်သော တရုတ်ဂမ္ဘီရပညာက ဤနေရာတွင် အစွမ်းပြနိုင်သည့်အချက် ၊ သူအိပ်နေစဥ်ဖြစ်သွားသော ထူးဆန်းသည့်ဝိညာဥ်ကူးပြောင်းမှု ၊ အစီအရင်လုပ်နေစဥ်က သူ့အားရူးသွပ်သွားအောင် လုပ်နေသည့် ဆန်းကြယ်သောတီးတိုးရေရွတ်သံများ နှင့် မည်သည့်အစွမ်းရှိမှန်းမသိသည့် ထူးခြားဆန်းကြယ်ပြီး စိတ်ချောက်ခြားဖွယ် မီးခိုးရောင်လောကတို့မှာ ပူပြင်းလသော ဇွန်လရာသီဥတုတွင် ခလိုင်းအား ကြက်သီးထစေသည်။
"သက်တမ်းအရှည်ဆုံးနဲ့ အပြင်းထန်ဆုံး လူ့စိတ်ခံစားချက်ဟာ ကြောက်ရွံ့ခြင်းဖြစ်ပြီး သက်တမ်းအရှည်ဆုံးနဲ့ အပြင်းထန်ဆုံးကြောက်ရွံ့မှုတရားမှာ မသိခြင်းတရားအား ကြောက်ရွံ့မှုဖြစ်သည်" မသိခြင်းတရားအား ကြောက်ရွံ့မှုကို တိတိကျကျပင် ကြုံတွေ့နေလေရာ သူထိုဆိုရိုးစကားအား ပြန်တွေးမိသည်။
သူ့အတွင်းတွင် ဆန်းကြယ်သောနယ်ပယ်နှင့် ထိတွေ့ကာ ပိုပြီးသိရှိစေဖို့ မသိခြင်းတရားအား စူးစမ်းရှာဖွေလိုသည့် မကြုံစဖူး ထိန်းချုပ်၍မရနိုင်သော ပြင်းပြသည့် စိတ်ဆန္ဒတစ်ခုဖြစ်ပေါ်နေသည်။ ထိုနည်းတူ သူ့အတွင်းမှ ဆန့်ကျင်ဖက်လွတ်မြောက်ရေးစိတ်သဘောထားကလဲ ဘာမှမဖြစ်ခဲ့သလိုဟန်ဆောင်ဖို့ရန် သူ့အား အတင်းအကြပ်ခိုင်းစေနေသည်။
ပြင်းရှသည့်နေရောင်ခြည်သည် ပြတင်းပေါက်မှတဆင့် စားပွဲပေါ်သို့ ဖြာကျနေသည်။ မသိလျှင် စားပွဲပေါ်တွင် ရွှေရောင်စပါးစေ့များကြဲထားသကဲ့သို့ပင်။ ခလိုင်းစားပွဲအားငေးကြည့်ရင်း သူနွေးထွေးမှုနှင့် မျှော်လင့်ချက်ထို့နှင့် ထိတွေ့လိုက်ရသလို ခံစားရသည်။
သူအနည်းငယ်စိတ်ပြေလျော့သွားကာ ပြင်းထန်လှသောပင်ပန်းနွမ်းနယ်မှု သူခံစားလိုက်ရသည်။
မျက်ခွံများမှာ ခဲဆွဲထားသလို လေးလံနေကာ သူတို့ဘာသာသူတို့ပိတ်ကျသွားသည်။ အိပ်မဲ့ညနှင့် နွမ်းနယ်စရာကောင်းလှသောအဖြစ်အပျက်နှစ်ခုပေါင်းကြောင့် ဖြစ်လိမ့်မည်။
ခလိုင်းခေါင်းကိုခါလိုက်ကာ စားပွဲကိုအမှီပြု၍ မတ်တပ်ရပ်လိုက်သည်။ အခန်းထောင့်လေးထောင့်တွင် ချထားသောရိုင်းဂျုံရိုင်းများအား လျစ်လျူရှုကာ နှစ်ဆင့်ကုတင်ဆီသို့ သူယိုင်တိယိုင်တိုင် လမ်းလျှောက်သွားလိုက်သည်။ လှဲချလိုက်သည်နှင့် သူချက်ခြင်းပင်အိပ်ပျော်သွားတော့သည်။
ဂွမ် ဂွမ်!
ခလိုင်းမှာ ဗိုက်ဆာလွန်းသဖြင့်နိုးလာသည်။ သူမျက်လုံးဖွင့်လိုက်သောအခါ သူပြန်လည်နုပျိုသလို ခံစားရသည်။
"ခေါင်းတော့နည်းနည်းကိုက်နေတုန်းပဲ" သူနားထင်ကိုနှိပ်ကာ ထထိုင်လိုက်သည်။ သူဗိုက်ဆာလွန်းနေသည်မှာ မြင်းတစ်ကောင်တောင် သူစားနိုင်သည်။
သူစားပွဲဆီသို့ပြန်သွားရင်း သူ့ရှပ်အင်္ကျီအား ဆွဲဆန့်လိုက်သည်။ သူသစ်ရွက်ပုံငွေရောင်အိတ်ဆောင်နာရီအား ကိုင်လိုက်သည်။
ပါး!
အိပ်ဆောင်နာရီအဖုံးမှာ ဖတ်ခနဲပွင့်သွားပြီး ဒုတိယလက်တံမှာသွားနေသည်။
"ဆယ့်နှစ်နာရီခွဲ ငါသုံးနာရီတောင်အိပ်လိုက်တာပဲ..." သူတံ့တွေးမြိုချကာ ခလိုင်းအိတ်ဆောင်နာရီအား သူ့ဗီသွာလျှော်အင်္ကျီအိပ်ကပ်ထဲသို့ ပြန်ထည့်လိုက်သည်။
မြောက်ပိုင်းတိုက်မကြီးတွင် တစ်ရက်တွင် ၂၄နာရီ ၊ တစ်နာရီတွင် မိနစ် ၆၀ ၊ တစ်မိနစ်တွင် စက္ကန့်၆၀ရှိသည်။ စက္ကန့်သွားနှုန်းမှာ ကမ္ဘာပေါ်ကနှင့် တူညီမညီကတော့ ခလိုင်းမသိပေ။
ထိုအချိန်တွင် သူ့မှာ ဂမ္ဘီရပညာ ၊ အစီအရင်နှင့် မီးခိုရောင်လောကကဲ့သို့သော အသုံးအနှုန်းများကိုပင် မစဥ်းစားနိုင်ချေ။ သူ၏စိတ်အစဥ်ကို တစ်ခုတည်းကသာ လွှမ်းမိုးထားသည် _ အစားအသောက်။
သူစားပြီးမှသာစဥ်းစားတော့မည်။ ထိုမှသာသူအလုပ်လုပ်နိုင်မည်။
ခလိုင်းထောင့်လေးထောင့်မှ ရိုင်းဂျုံပေါင်မုန့်များအားကောက်ယူလိုက်ကာ မတုံ့မဆိုင်းပင် ထိုပေါ်မှဖုန်မှုန့်များအား သုတ်လိုက်သည်။ သူထိုပေါင်မုန့်များမှတစ်ခုကိုသူ့နေ့လည်စာလုပ်ဖို့ ရည်ရွယ်ထားသည်။
သူပူဇော်ထားသည်များကို စားဖို့ဆုံးဖြတ်လိုက်ရခြင်းမှာ သူ့တွင် ငါးပဲနိသာရှိပြီး သူတို့မွေးရပ်မြေတွင် ပူဇော်ထားသည်များအား ပြန်စားသည့်ဓလေ့ရှိသည့်အတွက်ပင်။ အဆုံးတွင် ပေါင်မုန့်၌ မြင်ရသည့်ပြောင်းလဲမှုရှိမနေချေ။ ချိုးခြံနေခြင်းသည်သာကောင်းပေသည်။
ဒါပေါ့ မူရင်းခလိုင်းချန်ရစ်ထားခဲ့သည့် မှတ်ဉာဏ်များနှင့် အကျင့်များကလဲတစ်စိတ်တစ်ပိုင်းပါဝင်သည်။
အခန်းကိုမီးထွန်းဖို့ရာ စျေးကြီးလှသည့်ဓာတ်ငွေ့အား သုံးဖို့မှာ ဖြုန်းတီးရာကျလှသည်။ သို့နှင့် ခလိုင်းမီးဖိုကိုထုတ်လိုက်တာ ကျောက်မီးသွေးအနည်းငယ်ထည့်လိုက်ကာ ရေနွေးတည်လိုက်သည်။ စောင့်ရင်းဖြင့် သူလမ်းပတ်လျှောက်မိသည်။
မည်သူမဆို ရိုင်းဂျုံပေါင်မုန့်အား ရေမပါဘဲသောက်လျှင် နင်နေမည်မှာ မလွဲဧကန်ပင်။
အီး ညစာအတွက်ပဲ အသားစားရမဲ့ဘဝက ကြောက်စရာကောင်းမှာပဲ...မဟုတ်ဘူး ခဏနေဦး ခြွင်းချက်ဖြစ်ပြီးနေပြီ။ မလီဆာက ငါ့ရဲ့လာမဲ့လူတွေ့စစ်ဆေးပွဲအတွက်သာမဟုတ်ရင် တစ်ပတ်ကိုအသားနှစ်ခေါက်ပဲစားခိုင်းမှာ။ ခလိုင်းတွေးရင်း ဗိုက်ဟောင်းလောင်းနှင့် ပတ်ကြည့်မိသည်။ သူ့တွင်တခြားလုပ်စရာမရှိပေ။
နံရံကပ်ဗီဒိုထဲရှိ သိုးသားတစ်ပေါင်အား သူ့မျက်လုံးရောက်မိသည်နှင့် သူ့မျက်လုံးတို့မှာ ဥစ္စာဓနမက်မောနေသည့် မတော်လောဘတို့နှင့် ပြည့်နှမ်းသွားသည်။
ဟင့်အင်း ငါတူတူစားဖို့ မလီဆာကိုစောင့်ရမယ် ။ ခလိုင်းတွေးကာ ခေါင်းခါလိုက်ပြီး ထိုသိုးသား၏တစ်ဝက်အား ယခုချက်ရန် ငြင်းပယ်လိုက်သည်။
သူအပြင်တွင်စားနေကျဖြစ်သော်လဲ မြို့ကြီးပြကြီးတွင် တစ်ယောက်နေတာဖြစ်လေရာ သူ့တွင်အခြေခံဟင်းချက်စွမ်းရည်တော့ ရှိသည်။ သူ့ချက်သည့်အရာများမှာ အရသာအလွန်မရှိသောငြား စားလို့တော့ဖြစ်သေးသည်။
ထိုသိုးသား သူ့အား"မဆွဲဆောင်"စေရန် ခလိုင်း သူ့ခန္ဓာကိုယ်ကိုတစ်ဖက်သို့ လှည့်လိုက်သည်။ ထို့နောက် သူ ယနေ့မနက်က ပဲတောင့်ရှည်များနှင့် အာလူးများကိုလဲ ဝယ်လာသေးကြောင်း ရုတ်တရက် သတိရသွားသည်။
အာလူး! ခလိုင်းချက်ခြင်းပင် အကြံတစ်ခုရသွားသည်။ သူနံရံကပ်ဘီဒိုဖက်သို့မြန်မြန်လှည့်ကာ အပုံသေးလေးဆီမှ အာလူးနှစ်လုံးထုတ်လိုက်သည်။
သူဦးစွာအာလူးအား အများသုံးသန့်စင်ခန်းတွင်ဆေးပြီးမှ အိုးထဲသို့ထည့်ကာ ရေနဲ့အတူဆူအောင်တူလိုက်သည်။
ခဏကြာသောအခါ ရေထဲသို့ နံရံကပ်ဘီဒိုထဲမှ ငရုတ်သီးမှုန့်ဘူးထဲမှ သူရှာတွေ့ထားသော ဝါကျင်ကျင်ဆားအနည်းငယ်ကို ဖြူးလိုက်သည်။
သူမိနစ်အနည်းငယ်ခန့် စိတ်ရှည်စွာစောင့်ဆိုင်းပြီးမှ အိုးကိုမကာ 'စွပ်ပြုတ်' အား ခွက်အနည်းငယ်နှင့် ပန်းကန်လုံးထဲသို့ လောင်းထည့်လိုက်သည်။ သူအာလူးကိုခက်ရင်းဖြင့်ထုတ်ကာ စားပွဲအဆုံးနားတွင်တင်လိုက်သည်။
သူအာလူးကို မှုတ်ကာ တဖြည်းဖြည်းချင်းခွာလိုက်သည်။ အာလူးပြုတ်ရနံ့မှာ လေထဲသို့ လွင့်ပျံလာသည်။ စားချင်စဖွယ်ရနံ့သင်းလှသည်။
သူသွားရည်တမြားမြားကျကာ အပူကပင်သူ့အား တားဆီးမနိုင်တော့ပေ။ အာလူးကိုတစ်ဝက်သာအခွံခွာရသေးသော်လဲ ခလိုင်းတစ်လုတ်ကိုက်လိုက်မိသည်။
ဘယ်လိုတောင် မွှေးတာလဲ! အာလူးတွင် အမှုန့်သဖွယ်အသားရှိပြီး ဝါးလိုက်ပါက ချိုသောအရသာထွက်လာသည်။ သူချက်ခြင်းပင် စိတ်ခံစားချက်တို့နှင့် ပြည့်နှမ်းသွားပြီး အာလူးနှစ်လုံးအား အငမ်းမရစားမိတော့သည်။ သူအခွံတချို့ကိုပင်စားမိလိုက်သည်။
ထို့နောက် သူပန်ကန်းလုံးကို မြှောက်ကာ 'စွပ်ပြုတ်'ကို သုံးဆောင်တော့သည်။ ရေထဲသို့ ဆားလက်တစ်ဖျစ်စာထည့်လိုက်ခြင်းမှာ ရေဆာပြေကြောင်း သက်သေပြသည်။
ငါငယ်ငယ်တုန်းက အာလူးကိုဒီလိုစားရတာ တအားသဘောကျတာ....ဗိုက်ဝသွားသောခလိုင်း ခေါင်းထဲတွင် တွေးမိသည်။ ထိုအချိန်တွင် သူပေါင်မုန့်ကိုအနည်းငယ်ဖဲ့ကာ ပျော့စေရန် 'စွပ်ပြုတ်'ထဲသို့နှစ်လိုက်သည်။
အစီအရင်ကအလွန်ပင်ပန်းပုံပေါ်သည်။ ခလိုင်း တစ်ပေါင်စာအလေးချိန်ရှိသော ပေါင်မုန့်နှစ်လုံးကိုစားမိလိုက်သည်။
သူပြန်လည်ရှင်သန်လာပြီဟု ခလိုင်းခံစားမိလိုက်သည်။ သူ'စွပ်ပြတ်'အားသောက်ကာ ဘဝ၏ပျော်ရွှင်မှုကို ခံစားလိုက်ပြီးနောက် ပြန်လည်ရှင်းလင်းတော့သည်။ ထို့နောက် သူတောက်ပနေသော နေရောင်ခြည်ကို ပျော်ပျော်ကြီး သွားခံသည်။
သူစားပွဲတွင်ပြန်ထိုင်ကာ စတင်အစီအစဥ်ချတော့သည်။
"ငါလွတ်အောင်မလုပ်နိုင်ဘူး။ ငါဂမ္ဘီရပညာနဲ့ ထိတွေ့လို့ရအောင် နည်းလမ်းတစ်ခုခုစဥ်းစားပြီး တရားမျှတမှုနဲ့ ဇောတ်ထိုးဆွဲခံရသူပြောတဲ့အတိုင်း စည်းကျော်သူဖြစ်အောင်လုပ်ရမယ်။
"ငါမသိခြင်းတရားအပေါ် ကြောက်ရွံ့မှုကို ကျော်လွှားနိုင်အောင် လုပ်ရမယ်"
"လောလောဆယ် တစ်ခုတည်းသော နည်းလမ်းကတော့ နောက်'စုဝေးပွဲ'ကို စောင့်ဖို့ပဲ။ ငါ 'ပွဲကြည့်ပရိသတ်' ဆေးရည်အညွှန်းနဲ့ တခြားဂမ္ဘီရပညာနဲ့ ပတ်သတ်တာတွေကို နားထောင်ကြည့်ဖို့ ကြိုးစားရမယ်"
"တနင်္လာနေ့ရောက်ဖို့ လေးရက်ပဲလိုတော့တယ်။ အဲဒီမတိုင်ခင် ငါခလိုင်းရဲ့ ပြဿနာကို အရင်ဆုံးနားလည်အောင်လုပ်ဖို့လိုတယ်။ သူဘာလို့ သတ်သေတာလဲ? သူဘာဖြစ်ခဲ့တာလဲ?"
ဝိညာဥ်ပြန်လည်ကူးပြောင်းဖို့ မတတ်နိုင်လေရာ အရာအားလုံးကို တာဝန်ယူဖို့သာ သူတတ်နိုင်တော့သည် ။ ခလိုင်းစားပွဲပေါ်ရှိစာအုပ်အား ကောက်ယူလိုက်သည်။ သူ၏ပျောက်ဆုံးနေသော မှတ်ဉာဏ်အစိတ်အပိုင်းများအား ပြန်လည်ရရှိစေရန် ကူညီပေးနိုင်မည့် အရိပ်အမြွက်များအား သူရှာလိုသည်။
မူလခလိုင်းတွင် မှတ်စုရေးတတ်သည့် အကျင့်ရှိသည်မှာ သေချာသည်။ သူသည်ဒိုင်ယာရီရေးရသည်ကိုလဲ နှစ်သက်သည်။
စားပွဲအား ညာဖက်မှ ထောက်ကန်ပေးထားသည့် နံရံကပ်ဘီဒိုထဲတွင် အပြည့်ရေးထားသော မှတ်စုစာအုပ်တစ်ထပ်လုံးရှိသည်ကို ခလိုင်းကောင်းစွာသိပါ၏။
သူ့တွင်ရှိသောစာအုပ်သည် မေလ ၁၀ ရက်နေ့မှစသည်။ သူ၏ကျောင်းနှင့်ပတ်သတ်သောအကြောင်းအရာများ သူ့ဆရာများနှင့် ဗဟုသုတများပါဝင်သည့် အပိုင်းတို့မှာ အစပိုင်းတွင်ရှိသည်။
"မေလ ၁၂ရက် မစ္စတာ အေးဇစ်က ဘယ်လန်အင်ပါယာ၏ အဓိကဘာသာစကားမှာလဲ ရှေးဟောင်းဖေးဆက်မှ ဆင်းသက်လာခြင်းဖြစ်ပြီး ဂျိုတန်ဘာသာစကားခွဲတစ်ခုဖြစ်ကြောင်း ပြောပြခဲ့တယ်။ ဒါဘာကြောင့်လဲ? ဒါအသိစိတ်ရှိတဲ့သက်ရှိတိုင်း တစ်ချိန်တုန်းက တူညီတဲ့ဘာသာစကားကိုပဲ သုံးခဲ့တယ်လို့ အဓိပ္ပာယ်ရတာလား? ဟင့်အင်း အမှားတစ်ခုခုတော့ ရှိရမယ်။ 'အဆုံးမဲ့ည၏ ဖွင့်ဟချက်' နဲ့
'မုန်တိုင်းများ၏ စာအုပ်" အရဆို ကမ္ဘာဦးကာလအချိန်တွေတုန်းက လူထွားကြီးတွေပဲ ဗိုလ်ကျစိုးမိုးသူတွေမဟုတ်ဘူး။ နတ်သူငယ်တွေ ၊ သန္ဓေပြောင်းတွေ ၊ နဂါးတွေလဲရှိသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒါတွေက စိတ်ကူးယဥ်တာတွေ ဒဏ္ဍာရီတွေပါပဲ။
...
"မေလ ၁၆ရက်။ တွဲဖက်ပါမောက္ခကြီးကိုဟန်နဲ့ မစ္စတာအေးဇစ်တို့က ရေနွေးငွေ့ခေတ်ရဲ့ ရှောင်လွှဲလို့မရတဲ့အကြောင်းတွေကို ဆွေးနွေးခဲ့ကြသည်။ မစ္စတာအေးဇစ်က ဒါကတိုက်ဆိုင်မှုပဲလို့အမြင်ရှိတယ်။ ဘာလို့လဲဆိုတော့ ဧကရာဇ် ရိုဇယ်လ်ကြောင့်သာမဟုတ်ရင် မြောက်ပိုင်းတိုက်မကြီးက တောင်ပိုင်းတိုက်မကြီးလို ဓားတွေပဲသုံးနေဦးမှာမို့လို့တဲ့။ ဆရာက မစ္စတာအေးဇစ်က တစ်ဦးတစ်ယောက်ရဲ့ ဆောင်ရွက်မှုအပေါ် အရမ်းအလေးပေးနေတယ်လို့ ငြင်းတယ်။ သူက တိုးတက်မှုအတိုင်းဆို ဧကရာဇ်ရိုဇယ်လ်မရှိခဲ့ရင်တောင် ဧကရာဇ်ရော်ဘတ်ပေါ်လာလိမ့်မယ်လို့ ယုံကြည်တယ်။ ဒါကြောင့် ရေနွေးငွေ့စွမ်းအင်ခေတ်ကနောက်ကျလောက်ပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ်လာမှာပဲတဲ့။ ငါကတော့ သူတို့ရဲ့ဆွေးနွေးမှုကို အဓိပ္ပာယ်သိပ်ရှိတယ်လို့ မခံစားရဘူး။ ငါကအသစ်အဆန်းတွေကို ရှာဖွေရတာနဲ့ ပုန်းကွယ်နေတဲ့ သမိုင်းကိုပြန်လှန်ရတာ ပိုသဘောကျတယ်။ ငါက သမိုင်းထက် ရှေးဟောင်းသုတေသနကို လေ့လာဖို့ ပိုသင့်တော်တာများလား"
...
"မေလ ၂၉ရက် ။ ဝဲလ်ချ်က ငါ့ကိုလာရှာပြီး သူစတုတ္ထခေတ်က မှတ်စုစာအုပ်တစ်အုပ်ကို ရထားတယ်လို့ ပြောတယ်။ ဘုရားသခင်! စတုတ္ထခေတ်က မှတ်စုစာအုပ်! သူကရှေးဟောင်းသုတေသနဌာနက ကျောင်းသားတွေကို အကူအညီမတောင်းချင်တော့ သူက နာယာနဲ့ ငါ့ဆီလာပြီး အကြောင်းအရာတွေကို ဝှက်စာဖော်ခိုင်းတာ။ ငါဘယ်လိုလုပ်ငြင်းနိုင်မှာလား? ဒါပေါ့ ငါငါ့ရဲ့ ဘွဲ့ချေပချက်ပြီးမှ လုပ်လို့ရမှာပေါ့။ ငါဒီအခြေအနေမှာ ငါ့ရဲ့အာရုံတွေကို ခွဲဝေလို့မရဘူး"
ထိုအချက် ခလိုင်း၏ အာရုံစိုက်မှုအား ရလိုက်သည်။ သမိုင်းနှင့် ရှုထောင့်ငြင်းခုံချက်တို့မှ မှတ်စုများနှင့်ယှဥ်လျှင် စတုတ္ထခေတ်မှ မှတ်စုစာအုပ်ပေါ်လာခြင်းသည် ခလိုင်းသတ်သေမှုကို ပိုဖြစ်စေနိုင်သည်။
စတုတ္ထခေတ်မှာ လက်ရှိ "သံခေတ်" မတိုင်ခင်ခေတ်ဖြစ်သည်။ ထိုခေတ်သမိုင်းမှာ လျှို့ဝှက်လှပြီး ပြီးပြည့်စုံမနေချေ။ အုတ်ဂူဟောင်းများ၊ မြို့ဟောင်းများနှင့် မှတ်တမ်းအနည်းငယ်ကို ရှာဖွေတွေ့ရှိသည့်အချက်ကြောင့် ရှေးဟောင်းသုတေသနပညာရှင်များနှင့် သမိုင်းပညာရှင်တို့မှာ "မူလ" သမိုင်းကို အဓိကဘုရားကျောင်းခုနစ်ကျောင်းမှ သူတို့ဘာသာရေးသွန်သင်မှုများအား အခြေပြုထားသော မရေရာသောမှတ်တမ်းများကိုသာ အမှီပြု၍ အကြမ်းဆွဲထားနိုင်သည်။ သူတို့သည် ဆော်လမွန်အင်ပါယာ ၊ တူဒေါ်မင်းဆက် နှင့် ထန်းဆို့အင်ပါယာတို့တည်ရှိမှုကိုတော့ သိရှိထားသည်။
လျှို့ဝှက်မှုများအား အဖြေရှာရန်နှင့် သမိုင်းအား ပြန်လည်ဖော်ထုတ်ရန် လုပ်ဆောင်လိုလေရာ ခလိုင်းသည် ဒဏ္ဍာရီများနှင့် ပို၍နီးစပ်သော ပထမသုံးခေတ်အား စိတ်ဝင်စားမှုသိပ်မရှိလှပေ။ သူသည် နတ်ဘုရားများ၏ခေတ်ဟု တစ်နည်းသိကြသော စတုတ္ထခေတ်အား ပို၍စိတ်ဝင်စားသည်။
"ဟင်း ဒါဆိုခလိုင်းက သူ့ရဲ့အနာဂတ်သက်မွေးလုပ်ငန်းအတွက် စိတ်ပူပြီး အင်တာဗျူးအပေါ်အာရုံစိုက်ခဲ့တာပဲ။ ဒါပေမဲ့ အဲဒါကအလကားပဲ..." ခလိုင်း မနေနိုင်ဘဲ အာမေဍိတ်ပြုမိသည်။
တက္ကသိုလ်များမှာ လွန်စွာမှရှားပါးနေသေးပြီး ကျောင်းသားအများစုမှာ မျိုးရိုးမြင့်များသို့မဟုတ် ချမ်းသာကြွယ်ဝသော မိသားစုများမှဖြစ်ကြသည်။ သူ့အတွင် အလွန်အကျွံစိတ်ထားမရှိသရွေ့ တက္ကသိုလ်ဝင်ခွင့်ရသွားသောသာမန်လူတန်းစားတစ်ယောက်မှာ ဘက်လိုက်မှုများနှင့် ခိုင်မာသောလူမှုအသိုင်းအဝိုင်းများမှ အပယ်ခံရလောက်သော်ငြား အဖွဲ့လိုက်ဆွေးနွေးမှုများနှင့် အဆက်အသွယ်ပွဲများမှတဆင့် အဖိုးတန်သော လူမှုရေးအချိတ်အဆက်များကို တည်ဆောက်နိုင်မည်ဖြစ်သည်။
လွန်စွာမှ သဘောကောင်းလှသော ဝဲလ်ချ် မက်ခ်ဂါဗန်မှာ ဥပမာပင်။ သူသည် ကွန်းစတန့်မြို့ မစ်ဆီးရှိုင်းရားမှ ဘဏ်လုပ်ငန်းရှင်တစ်ဦး၏ သားဖြစ်သည်။ သူသည် အမြဲတမ်းတစ်ဖွဲ့တည်းကျလေ့ရှိသော နာယာနှင့် ခလိုင်းတို့ကို အကူအညီတောင်းနေကျဖြစ်သည်။
ထပ်ပြီးစဥ်းစားမနေတော့ဘဲ ခလိုင်းမှတ်စုစာအုပ်ကို ဆက်ဖတ်လိုက်သည်။
"ဇွန်လ ၁၈ရက်။ ငါဘွဲ့ရသွားပြီ။ နှုတ်ဆတ်ခဲ့ပါတယ် ခိုအီတက္ကသိုလ်"
"ဇွန်လ ၁၉ရက်။ ငါမှတ်စုစာအုပ်ကိုတွေ့ပြီးပြီ။ စာကြောင်းတည်ဆောက်ပုံတွေနဲ့ အေခြခံစာလုံးတွေကို နှိုင်းယှဥ်ကြည့်လိုက်တော့ ဒါရှေးဟောင်းဖေးဆက်ဘာသာစကားကို ပြုပြင်မွမ်းမံထားတဲ့ပုံစံလို့ ငါရှာတွေ့သွားတယ်။ ပိုပြီးအတိအကျပြောရရင် သူ့ရဲ့နှစ်ထောင်ချီသမိုင်းတစ်လျှောက် ဖေးဆက်ဘာသာစကားက တောက်လျှောက် နည်းနည်းချင်းစီပြောင်းလဲလာတယ်"
"ဇွန်လ ၂၀ရက်။ ငါတို့ပထမစာမျက်နှာကအကြောင်းအရာတွေကို အဓိပ္ပာယ်ဖော်ပြီးပြီ။ စာရေးသူက အန်တီဂိုနက်စ်လို့ခေါ်တဲ့ မိသားစုဝင်တစ်ယောက်"
"ဇွန်လ ၂၁ရက်။ သူအမှောင်ဧကရာဇ်ကို ပြောထားတယ်။ ဒါဒီစာအုပ်ရေးထားတဲ့အချိန်လို့ ယူဆထားတဲ့ကာလနဲ့ ခေတ်ကာလကိုက်ညီမနေဘူး။ ပါမောက္ခများမှားနေတာလား? 'အမှောင်ဧကရာဇ်' က ဆော်လမွန်အင်ပါယာက ဧကရာဇ်တိုင်းအတွက် အများဆိုင်ဘွဲ့များလား? "
"ဇွန်လ ၂၂ရက်။ ကြည့်ရသလောက်တော့ အန်တီဂိုနက်စ်မိသားစုက ဆော်လမွန်အင်ပါယာမှာ အဆင့်အတန်းတော်တော်မြင့်တယ်။ စာရေးသူက တူဒေါဆိုတဲ့သူနဲ့ လျှို့ဝှက်အပေးအယူလုပ်နေတဲ့အကြောင်းကို ပြောထားတယ်။ တူဒေါ? တူဒေါမင်းဆက်နဲ့များ သက်ဆိုင်နေမလား? "
"ဇွန်လ ၂၃ရက်။ ငါမှတ်စုစာအုပ်အကြောင်းတွေးတာနဲ့ ဝဲလ်ချ်ဆီသွားချင်စိတ်ကို ချိုးနှိမ်နေတယ်။ ငါလူတွေ့စစ်ပွဲအတွက် ပြင်ဖို့လိုတယ်။ ဒါအရမ်းအရေးကြီးတယ်"
"ဇွန်လ ၂၄ရက်။ နာယာကငါ့ကို သူတို့အသစ်တစ်ခုရှာတွေ့ထားတဲ့အကြောင်းပြောတယ်။ ငါသွားကြည့်ကြည့်ဖို့လိုတယ်လို့ ထင်တယ်"
"ဇွန်လ ၂၅ရက်။ အသစ်အဓိပ္ပာယ်ဖော်ထားတဲ့အကြောင်းအရာအရ စာရေးသူက ဟော်နားစစ်တောင်တန်းရဲ့ အမြင့်ဆုံးတောင်ထွပ်မှာ တည်ရှိတဲ့ 'အဆုံးမဲ့ည တိုင်းပြည်'ကို သွားလည်ဖို့ တာဝန်ကို လက်ခံထားသည်။ အို ဘုရားသခင်!ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၆၀၀၀ ကျော်တဲ့တောင်ထိပ်မှာ ဘယ်လိုလုပ်တိုင်းပြည်ရှိနိုင်မှာလဲ? သူတို့ဘယ်လိုတောင်ရှင်သန်ကြတာလဲ?
"ဇွန်လ ၂၆ရက်။ ဒီထူးထူးဆန်းဆန်းအရာတွေက တကယ်ရှိတာလား"
ထိုနေရာတွင် မှတ်တမ်းပြီးသွားပြီဖြစ်သည်။ ကျိုးမင်ရွေ့မှာ ၂၈ရက် အစောပိုင်း၌ ဝိညာဥ်ကူးပြောင်းလာခြင်းဖြစ်သည်။
"သဘောက ဇွန်လ ၂၇ ရက်အတွက် ရေးထားတဲ့ရေးသွင်းချက်ရှိတယ်။ အဲဒါက အဲဒီစာကြောင်း...ငါအပါအဝင် အားလုံးသေရလိမ့်မယ်...." ခလိုင်းသူစရောက်စဥ်က သူပထမဆုံးမြင်ခဲ့သည့် စာမျက်နှာဆီသို့လှန်လိုက်ပြီး ကြက်သီးတဖျင်းဖျင်းဖြင့် ကောက်ချက်ဆွဲလိုက်သည်။
မူလခလိုင်းသတ်သေမှုနဲ့ပတ်သတ်တဲ့ လျှို့ဝှက်ချက်ကို ဖြေရှင်းချင်ရင် သူဝဲလ်ချ်ဆီသွားလည်ပြီး မှတ်စုစာအုပ်ကို တစ်ချက်သွားကြည့်သင့်တယ်လို့ သူတွေးမိသည်။ သို့သော် ဝတ္ထု ၊ ရုပ်ရှင်နှင့် တီဗီဒရမ်မာဇာတ်လမ်းတွဲများမှ အတွေ့အကြုံတစ်ပုံတစ်ပင်အရ အကယ်၍ ထိုနှစ်ခုသာတကယ်သက်ဆိုင်ပါက အဆိုပါသွားရောက်လည်ပတ်မှုသည် အန္တရာယ်အလွန်များလိမ့်မည်ဟု သူသံသယရှိသည်_သရဲခြောက်မှန်းသိရက်နှင့် ရဲတိုက်များကို သွားရောက်စုံစမ်းကြသည့် သူများမှာ သတိပေးချက်ပင်ဖြစ်သည်။
သို့သော် ထွက်ပြေးခြင်းက ပြဿနာကို ဖြေရှင်းနိုင်မည်မဟုတ်လေရာ သူသွားကိုသွားရပေမည်။ ထွက်ပြေးခြင်းက ပြဿနာများကို ပိုဆိုးအောင်သာလုပ်ကာ သူ့အား စုန်းစုန်းမြုပ်သည်အထိ ဖြစ်စေလိမ့်မည်။
ရဲခေါ်ရမလား? ဒါပေမဲ့ သတ်သေထားတယ်လို့ ပြောရမှာကျ ရူးကြောင်ကြောင်နိုင်မှာပေါ့ ဟုတ်တယ်မလား....
ဒေါက်!
ဒေါက် ဒေါက်!
ဆက်တိုက် တံခါးခေါက်ပြင်းပြင်းထွက်ပေါ်လာသည်။
ခလိုင်းမတ်မတ်ထိုင်ကာ နားထောင်ကြည့်လိုက်သည်။
တံခါးခေါက်သံ!
ဒေါက် ဒေါက်!
လူသူကင်းမဲ့သည့် စင်္ကြံတစ်လျှောက် တံခါးခေါက်သံတို့ ပဲ့တင်ရိုက်သွားသည်။~~~~~~~~~~~
YOU ARE READING
Lord of the Mysteries[Myanmar Translation]
Fantasyရေနွေးငွေ့စွမ်းအင်နှင့် စက်မှုပညာတို့ထွန်းကားလာသည်နှင့်အမျှ မည်သို့သောသူသည် စည်းကျော်သူတစ်ဦးဖြစ်ရန် နီးစပ်နိုင်ပါသနည်း။ သမိုင်းနှင့် အမှောင်တရားတို့၏ မြူခိုးငွေ့များကြား ပုန်းကွယ်ရင်း အကျွန်ုပ်တို့၏ နားထဲသို့တီးတိုးပြောဆိုနေသည့် ချောင်းမြောင်းနေသော...