"ကိုကြီး ဈေးကိုတစ်ချက်ပြေးပြီး ဆီချက်ခေါက်ဆွဲဖက်ဝယ်ပေးပါဦး"
ချမ်းဝေက မုန့်ပွဲများကို ပြင်နေရင်း စားပွဲခုံသန့်ရှင်းရေးလုပ်နေသည့် ယောက်ျားဖြစ်သူကို လှမ်းပြောလိုက်သည်။
"ဘယ်လောက်သားဝယ်လာရမလဲ"
"တစ်ပိဿခွဲလောက်"
"တခြား ရှမ်းဖက်တို့ ရေစိမ်ဖက် တို့ရော"
"ရှမ်းဖက်နဲ့ ရေစိမ်ဖက်က ဒီမနက်တော့ ကောင်းကောင်းလောက်တယ်"
"ဟုတ်ပြီ အဲတာဆို ကိုကြီး ဆီချက်ဖက်ပဲ ဝယ်လာတော့မယ်နော်"
"ဟုတ် ဟုတ်"
ခွန်ဒီမိုက လက်ထဲတွင် ကိုင်ထားသည့် စားပွဲသုတ်သည့် အဝတ်စအား ထိုအဝတ်စများထည့်သည့် ခြင်းအတွင်းသို့ ထည့်လိုက်ပြီး လက်ဆေးလိုက်သည်။
ထို့နောက် ပိုက်ဆံထည့်သည့် ပုံးထဲမှ ငွေယူကာ စက်ဘီးနင်းပြီး ဈေးသို့အမြန်သွားတော့၏။
"မောင်လေး တို့ဟူးနွေး နှစ်ပွဲစားမယ်နော်"
"ဟုတ် မမ နည်းနည်းတော့ စောင့်ရမယ်ဗျ ရှေ့မှာ တန်းစီနေလို့"
အရှေ့တွင် တန်းစီနေသည့် စားသုံးသူများအတွက် ရှမ်းခေါက်ဆွဲသုပ်ပြင်နေသည့် ချမ်းဝေက အသစ်ရောက်လာသည့် စားသုံးသူကို လှမ်းအသိပေး၏။
"ရတယ် မမစောင့်မယ် ... မမက ဒီဆိုင်က လက်ရာကို စားချင်လွန်းလို့ ... ရောက်မှတော့ စောင့်ပြီး စားသွားရမှာပဲ"
အသံခပ်ဝဲဝဲနှင့် ထိုအမျိုးသမီးက သူမ စောင့်နိုင်ကြောင်း ခိုင်ခိုင်မာမာပြောကာ ဆိုင်ရှေ့မှ ခုံတန်းတွင် ထိုင်စောင့်နေတော့၏။
ထိုခုံတန်းက လွန်ခဲ့သည့် လပိုင်းက ခွန်ဒီမို ပါဆယ်လာဝယ်သူများ ထိုင်ရန်အတွက် ရိုက်ထားခြင်းဖြစ်သည်။
ခုံတန်းက နှစ်ခုရှိပြီး လက်ရှိအချိန်တွင်တော့ ထိုခုံတန်းနှစ်ခုတွင် ပါဆယ်လာဝယ်သည့်သူများသာမက ထိုင်စားမည့်သူအချို့ပါ ထိုင်စောင့်နေရတော့သည်။
လွန်ခဲ့သည့် နှစ်လ ဆိုင်စဖွင့်ချိန်မှစပြီး ချမ်းဝေ၏ ရှမ်းခေါက်ဆွဲ၊တို့ဟူးနွေးဆိုင်လေးမှာ ရောင်းအား တဖြည်းဖြည်း မြင့်တက်လာပြီး လက်ရှိအချိန်တွင်တော့ လက်မလည်အောင် ရောင်းနေရသည့် အခြေအနေဖြစ်သည်။