"မမြသွယ် က အဆင်ပြေမယ်လို့ ကိုကြီးထင်ရင် မမြသွယ်ကိုပဲ အလုပ်ခန့်လိုက်ကြမယ်လေ ... ကျွန်တော်တို့လည်း လူလိုနေတာပဲ ... နှစ်ယောက်တည်းကျတော့ လက်မလည်ဘူး အခုအချိန် အဆင်ပြေသေးပေမဲ့ ဒီထက်လူများလာရင် ကျွန်တော်တို့နှစ်ယောက်တည်းမနိုင်လောက်တော့ဘူး "
"အဲလိုဆိုရင်တော့ မနက်ဖြန်ကျရင် မမြသွယ်ကို အလုပ်ခန့်ဖြစ်တဲ့အကြောင်းပြောလိုက်ကြမယ်"
ခွန်ဒီမိုက ညနေပိုင်းဝက်သားတုတ်ထိုးရောင်းရငွေများကို ရေတွက်နေရင်းမှ ရှမ်းခေါက်ဆွဲနှင့် တို့ဟူးနွေးတွင်ထည့်သည့် ဟင်းအနှစ်ချက်ရာတွင်လိုသည့် ကြက်သွန်ဖြူ၊ ကြက်သွန်နီများကို မနက်ခင်းအတွက် ခွာနေသည့် ချမ်းဝေအားလှမ်းပြောသည်။
"လုပ်အားခကရော နေ့ချင်းရှင်းလား ဒါမှမဟုတ် လစာနဲ့ပေးမှာလား ကိုကြီး"
"နေ့ချင်းရှင်းတာက သူ့အတွက် ပိုပြီးအဆင်ပြေမယ် ချမ်းငယ် ... သူတို့မိသားစုက အခုချိန်မှာတော်တော်ကျပ်တည်းနေပုံပဲ"
"သူ့ကလေးတွေက ဘယ်အရွယ်တွေလဲ"
ချမ်းဝေက မေးတော့ ခွန်ဒီမိုက အနည်းငယ်တွေးကာ ဖြေလာသည်။
"အကြီးကောင်လေးက ခြောက်နှစ်ကျော်လောက်ပြီ ထင်တယ် အငယ်မလေးက မိုရ်လေးထက်တော့ နည်းနည်းကြီးတယ် ... လေးနှစ်လောက်တော့ရှိလောက်ပြီ"
"ကလေးနှစ်ယောက်လုံးကလည်း သူ့တာဝန်ဆိုတော့ မမြသွယ်တော့ အတော့်ကို ရုန်းကန်ရဦးမဲ့ပုံပဲ"
ချမ်းဝေက မမြသွယ်အကြောင်း စဉ်းစားပြီး ခေါင်းလေးတခါခါဖြင့် အဖိုးကြီးပေါက်စလေးသဖွယ် ညည်းမိသည်။
"ဖေဖေ"
ကြမ်းပြင်ပေါ်တွင်ထိုင်ကာ ကားရုပ်တစ်ရုပ်ဖြင့်ဆော့နေသည့် မိုရ်လေးက ခွန်ဒီမိုအားလှမ်းခေါ်လာသည်။
"ပြော"
"ဒီနေ့ယေ မူကြိုက တူနယ်ချင်းယေ တားဂို ပုဂျွန်နှစ်တောင်ကျွေးရာ"
မိုရ်လေးက သူ၏လက်တုတ်တုတ်လေးကို သုံးချောင်းထောင်ကာ ပြောလာ၏။
ခွန်ဒီမိုက သူ့သား၏ချစ်စရာပုံလေးကြောင့် ပြုံးမိပြီး သူ့သားအားပြန်မေးလိုက်၏။