"ကိုကြီးကြောင့် ကျွန်တော် စိတ်မသက်မသာဖြစ်ရတာမျိုး မရှိပါဘူး ... ကိုကြီးနဲ့လက်ထပ်ပြီးကတည်းက ကျွန်တော်တို့က အခြားသာမန်လူတွေလို လင်မယားဆက်ဆံမျိုးလို့ ကျွန်တော်ခံယူထားပြီးသားပါ ... ကျွန်တော့်ဘက်က ဒါက ဖြစ်သင့်တဲ့ကိစ္စလို့ သတ်မှတ်ထားတဲ့အတွက် ကိုကြီးရဲ့ အပြုအမူတွေအပေါ် မနှစ်မြို့တာမျိုး စိတ်မသက်မသာဖြစ်တာမျိုး မရှိပါဘူး ... အဲနေ့တုန်းက ကိစ္စကလည်း ကျွန်တော်တကယ်ပင်ပန်းနေလို့ ငြင်းပယ်ခဲ့တာမျိုးပါ နောက်ပြီးစိတ်လည်းနည်းနည်းတိုလာလို့ ရွဲ့ပြောလိုက်တာ ကျွန်တော်ပြောလိုက်တဲ့စကားက ကိုကြီးကို ဒီလိုစိတ်ညစ်စေမယ်လို့ မတွေးမိလိုက်ဘူး"
ချမ်းဝေက ဆက်ပြောလာသည်။
"မရှက်တမ်းဝန်ခံရရင် ကိုကြီးရဲ့ ကျွန်တော့်အပေါ် ကြင်ကြင်နာနာအပြုအမူတွေကို ကျွန်တော်သဘောကျသလို နေသားလည်းကျနေပါပြီ "
ချမ်းဝေ၏ စကားအဆုံး ခွန်ဒီမိုက ချမ်းဝေ၏ မျက်နှာလေးကို စောင်းငဲ့ကြည့်မိသည်။
ခင်ပွန်းလေး၏စကားများက သူ့အား အတော်ကို စိတ်သက်သာရာရစေပါသည်။
တစ်ဖက်လူက သူ၏အပြုအမူများအား ငြိုငြင်သည့် အရိပ်အယောင်မရှိတာကြောင့် ခွန်ဒီမိုလည်း ဤအခွင့်အရေးကို ယူပြီး ခင်ပွန်းဖြစ်သူနှင့် ပိုမိုအဆင့်တက်အောင် လမ်းဖောက်ဖို့ အကြံရလာပါ၏။
ထိုအကြံနှင့်အညီ ခွန်ဒီမိုက စကားစတင်လမ်းကြောင်းလိုက်သည်။
"ကိုယ်စဉ်းစားနေတာ ... ကိုယ်တို့နှစ်ယောက်က တခြားသူတွေလို ချစ်သူရည်းစားတွေဖြစ်ပြီးမှ လက်ထပ်တာမျိုးမဟုတ်ဘဲ အဆင့်ကျော်ပြီး အိမ်ထောင်သည်ဘဝကို အရင်ရောက်ခဲ့တာလေ ... အဲတော့ ကိုယ်တို့ကြားမှာ အိမ်ထောင်ရေးဆိုတဲ့ နှောင်ဖွဲ့မှုအပြင် အခြား ခံစားချက်ပိုင်းနဲ့ဆိုင်တဲ့ နှောင်ဖွဲ့မှုမျိုးက မရှိခဲ့ဘူး ... ကိုယ်ကတော့ ကိုယ်တို့နှစ်ယောက်အနေနဲ့ ကျော်ခဲ့တဲ့ အဆင့်ကို ပြန်ဖြည့်ကြဖို့လိုတယ်လို့မြင်တယ် ... ကိုယ့်ဆီမှာကတော့ ချမ်းငယ်ကြောင့် ဖြစ်ပေါ်လာတဲ့ ခံစားချက်နှောင်ကြိုးက တစ်ဖက်သတ်ရှိပါတယ် ... ဒါပေမဲ့ ချမ်းငယ်ဘက်က ကိုယ့်နည်းတူခံစားချက်ရှိပြီး နှောင်ဖွဲ့ခံချင်ပါ့မလား ဆိုတာ ကိုယ်မသေချာဘူး"