"ငါ့ အစ်ကိုရော"
ဆိုင်ထဲသို့ဝင်ကာ မေးလာသည့် သော်တာမိုး၏ လေသံက ခပ်မာမာ။
မျက်နှာအမူအရာကလည်း မာထန်လို့နေ၏။
သော်တာမိုးက ချမ်းဝေနှင့် မြသွယ်အား မတူသလို မတန်သလို ရွံရှာသလို အကြည့်မျိုးဖြင့်ကြည့်နေပြီး ချမ်းဝေမှာတော့ ထိုအမျိုးသမီး၏ ထိုအကြည့်တို့ကြောင့် စိတ်ထဲ မသက်မသာခံစားလိုက်ရသည်။
သို့သော်လည်း ဆိုင်ထဲတွင် လူကျနေတာကြောင့် ဂရုမစိုက်အားသည်မို့ ချမ်းဝေလည်း သော်တာမိုးအား ကိုကြီးရှိသည့် နေရာကိုသာပြောပြလိုက်သည်။
"ကိုဒီမိုက အိမ်ထဲမှာရှိတယ်ဗျ ကျွန်တော် သွားခေါ်ပေးရမလား"
"နေ နေ ရတယ် ငါ့အစ်ကိုကို ငါ့ဘာသာပဲ သွားတွေ့လိုက်မယ်"
သော်တာမိုး၏ လေသံက ခပ်ပြတ်ပြတ်။
ထို့နောက် ဆိုင်၏အနောက်ပေါက်မှ တစ်ဆင့် မြင်နေရသည့် အိမ်ရှိရာသို့ သူ(မ)၏ ခြေလှမ်းတို့က ခပ်မြန်မြန်ဦးတည်လို့သွားသည်။
သူ(မ)၏ လှုပ်ရှားမှုတို့က ခပ်သွက်သွက်။
သော်တာမိုး၏အပြုအမူများက အများအမြင်၌မသိလျှင် သူ(မ)က ချမ်းဝေကို အလွန်အမင်း မပတ်သက်ချင်သလိုပုံပါပင်။
"ကိုငယ် ကိုငယ်ရေ"
သော်တာမိုးက အိမ်အပေါက်ဝသို့ရောက်သည်နှင့် ဧည့်ခန်းအတွင်းကို စေ့စေ့စပ်စပ်ကြည့်ကာ သူ(မ)၏ အစ်ကိုဖြစ်သူကို လှမ်းခေါ်လိုက်သည်။
ခွန်ဒီမိုတို့အိမ်ရှိ ဧည့်ခန်းလေးက ပရိဘောဂများဖြစ်သည့် စားပွဲ၊ ကုလားထိုင်များဖြင့် သပ်သပ်ရပ်ရပ်။
တစ်ခန်းလုံးက သပ်ရပ်သန့်ရှင်းနေသလို ကြမ်းပြင်တွင်လည်း အနီရောင်ကော်ဇောအပြည့်ခင်းထားသေးသည်။
(A/N ကော်ဇောအနီရောင်ဆိုတာကလေ အခုခေတ် ကျောင်းတွေရုံးတွေမှာ သုံးတဲ့ လျှောက်လမ်းလုပ်တဲ့ ကော်ဇော အကြမ်းမျိုးပါနော် )
တတိယအစ်ကို၏အိမ်အခြေအနေအား ဤမျှအဆင်ပြေနေမည်ဟု မမျှော်လင့်ထားသည့် သော်တာမိုးမှာတော့ သူ(မ) မြင်တွေ့လိုက်ရသည့် ဧည့်ခန်းအနေအထားကြောင့် အံ့ဩနေမိသလို သူ(မ)၏စိတ်အတွင်းတွင်လည်း မနာလိုစိတ်တို့ပေါက်ဖွားလာရသည်။