"မမြသွယ် ဒါက ဒီနေ့ အစ်မရဲ့ လုပ်အားခ "
ခွန်ဒီမိုက မမြသွယ်အား ပိုက်ဆံပေးရင်း ပြောလိုက်သည်။
မမြသွယ် ပိုက်ဆံယူပြီးတော့ ခွန်ဒီမိုက သူ့လက်ထဲမှ ပါဆယ်ထုပ်ထားသည့် ဝက်သားသုပ်နှင့် ကော်ပြန့်ကြော်များကို မမြသွယ်အား ပေးလိုက်ပြန်၏။
"ဒါက ကလေးတွေနဲ့ အစ်မ မိဘတွေအတွက်"
ခွန်ဒီမိုကပေးတော့ မမြသွယ်လည်း အားနာနာနှင့်ပင်လက်ခံလိုက်ရသည်။
မြသွယ် ခွန်ဒီမိုတို့ ထံတွင် အလုပ်လုပ်နေသည်မှာ လေးရက်ရှိပြီဖြစ်သည်။
အလုပ်က စားပွဲထိုးနှင့် မီးဖိုချောင်အကူဖြစ်ပြီး အလုပ်ကတော့ လက်မလည်အောင်လုပ်ရသည်။
နေ့စားခကလည်း သူလုပ်ရသည့်အလုပ်နှင့် တန်အောင်ရသည်မို့ မြသွယ်မှာတော့ အတော်ကို ကျေနပ်နေတော့၏။
အလုပ်နှင့်တန်သည့်လုပ်အားခအပြင် ဝက်သားသုပ်၊ ကော်ပြန်ကြော်များကိုပါ ခွန်ဒီမိုတို့ လင်ခင်ပွန်းနှစ်ယောက်ကနေ့တိုင်းထည့်ပေးလိုက်သည်မို့ မြသွယ်လည်း ခွန်ဒီမိုတို့လင်ခင်ပွန်းနှစ်ယောက်ကို အလွန်ကိုအားနာရပါသည်။
မယူဘူး ဟူ၍လည်းငြင်းလို့မရ။
ဆိုင်ကနေ့တိုင်း ရောင်းချဖို့ပြင်ဆင်ထားသည့်အစားအသောက်များ အကုန်ကုန်သွားသည် အထိရောင်းရတာဖြစ်သည်။
ထိုသို့ ရောင်းကုန်သည့် ကြားထဲကမှ မြသွယ်တို့မိသားစုအတွက် ခွန်ဒီမိုတို့ လင်ခင်ပွန်းနှစ်ယောက်က စားစရာများအား တမင်ချန်ပေးထားခြင်းဖြစ်တာမို့ မြသွယ်လည်း အားနာနာနှင့် ယူလိုက်ရတာပင်။
မချန်ထားပါနှင့်လည်းပြောလို့မရ။
မြသွယ်ကတော့ ခွန်ဒီမိုတို့လင်ခင်ပွန်းနှစ်ယောက်၏ စေတနာကို သိနားလည်တာကြောင့် အလုပ်လုပ်သည့်အခါတွင် မခိုမကပ်ပဲ တတ်နိုင်သမျှ ပိုမိုကြိုးစားလုပ်ရန် ဆုံးဖြတ်ထားတော့သည်။
မြသွယ်က ဆိုင်သိမ်းပြီး၊ အိုးခွက်ပန်းကန်များ ဆေးပြီး ကြောပြီးမှသာ အိမ်ကို ပြန်တာဖြစ်သည်။