"မင်းအစ်ကိုနဲ့ အစ်မနဲ့ ကွာရှင်းလိုက်ပြီ ဒီမို"
ထိုစကားကိုပြောသည့် မြသွယ်၏ မျက်နှာကား ညှိုးငယ်လို့နေ၏။
"မမြသွယ် ဝဋ်ကျွတ်သွားပြီပေါ့"
ထိုစကားကတော့ ခွန်ဒီမိုထံမှ ထွက်ပေါ်လာခြင်းပင်။
မြသွယ်ကတော့ အံ့အားသင့်နေသည့် အမူအယာဖြင့် ခွန်ဒီမိုအား နားမလည်သလိုမော့ကြည့်လာ၏။
"ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလိုဖြစ်နေပေမဲ့ ကျွန်တော့်အစ်ကို ဘယ်လောက်ဆိုးသွမ်းသလဲ ကျွန်တော် ကောင်းကောင်းသိပါတယ် "
ခွန်ဒီမိုက ထိုသို့ပြောတော့ မြသွယ်က ခပ်ယဲ့ယဲ့ပြုံး၏။
"အစ်မ ဒီကို လာတာ မောင်လေးကို အကူအညီတောင်းစရာလေးရှိလို့ပါ"
"ပြောပါ မမြသွယ် ကျွန်တော် ကူညီပေးနိုင်တာဆို ကူညီပေးမှာပါ"
"အစ်မ အလုပ်လေး လိုချင်လို့ပါ ... အစ်မ မင်းအစ်ကိုနဲ့ကွာရှင်းပြီးတော့ ကလေးနှစ်ယောက်ကို ခေါ်ပြီး အစ်မမိဘအိမ်ကို ပြန်သွားနေနေတာ ... အစ်မ အဖေကလည်း အသက်ကြီးနေပြီဆိုတော့ အရင်လိုအလုပ်မလုပ်နိုင်တော့ဘူး ... အမေကလည်း တရှောင်ရှောင်နဲ့ ကလေးနှစ်ယောက်ကလည်း ရှိသေးတော့ အိမ်မှာ စားဖို့တောင်အနိုင်နိုင်ကျပ်တည်းနေလို့ပါ ... မောင်လေးတို့ ဆီမှာ အလုပ်တစ်ခုလောက် ဖြစ်ဖြစ်ပေးလို့ရမလား .... မီးဖိုချောင်အလုပ်ဆို အစ်မ ပင်ပင်ပန်းပန်းလည်း လုပ်နိုင်ပါတယ်"
မြသွယ်က ညှိုးငယ်စွာဖြင့် တချိန်က မတ်တော်စပ်ခဲ့သူထံ အကူအညီတောင်း၏။
ခွန်ဒီမိုအနေဖြင့် မမြသွယ်၏ အကြောင်းအား ကောင်းကောင်းသိပါသည်။
ထိုအမျိုးသမီးက အနေအေးသလို အလုပ်ကြိုးစားမည့်သူဖြစ်ကြောင်း သိပါသည်။
သူ့အနေဖြင့်လည်း မြသွယ်တို့မိသားစုအား အကူအညီပေးလိုပါ၏။
လက်ရှိသူတို့ဆိုင်တွင်လည်း လူကျသည့်အချိန်ဆိုလျှင် သူတို့လင်ခင်ပွန်းနှစ်ယောက်တည်းနှင့် ဈေးရောင်းရသည်မှာ လက်မလည်တာကြောင့် အကူတစ်ဦးခန့်ဖို့လိုအပ်နေတာဖြစ်သည်။