"ညီမလေး "
========
Part-10
======သဲအသက် ၅နှစ်၊ စိုင်းနှင့်စိုးသူရတို့က ၁၁နှစ် ငါးတန်း။
စိုင်းက စိုးသူရနှင့်အတူတူ ကျူရှင်တစ်ခုတည်းမှာ တက်ကြသည်။စနေနေ့ ဒေါ်အမာမော်က နေမကောင်းသဖြင့် ဆေးခန်းသွားပြရာ ကလေးပဲရှိသေးတဲ့ သဲကို မခေါ်ဘဲ အိမ်အကူနဲ့ထားခဲ့သည်။အစက စိုင်းရော၊ စိုးသူရရော ဆော့မဲ့သူရှိနေသဖြင့် သဲက ကြည်ကြည်လင်လင်ပင် ဂျီမကျဘဲ ကျန်နေခဲ့သည်။
သို့သော်..၊
စိုင်းတို့ ကျူရှင် သွားခါနီးတော့ အာပြဲကြီးနဲ့ငိုပြီး ကျူရှင်ကို လိုက်ဖို့ ဂျီကျတော့သည်။
အိမ်အကူ အဒေါ်ကြီး ဘယ်လောက်ချော့ခေါ်ခေါ်မရတော့ဘဲ အဆုံးသတ်တွင် မြှောက်ကြွကြွနဲ့ နှင်းလုံးက ကျူရှင်ကို ပါလာခဲ့သည်။သဲက နှင်းလုံးလေးလို ဖြူဖြူဖွေးဖွေး ချစ်စရာလေးမို့ ကျူရှင်ရှိကျောင်းသူ၊ကျောင်းသားတွေလဲ ချစ်ကြသလို စိုင်းတို့စာသင်နေတုန်းဆိုရင် ကျူရှင်ဆရာမရဲ့၆နှစ်အရွယ်သား ဇင်ကိုကိုနဲ့ သဲက ဂျီမကျဘဲ ဆော့နေတတ်သည်။ထို့ကြောင့်ပင် သဲလိုက်ဖို့ ပူဆာတိုင်း စိုးသူရက ခေါ်လာခဲ့တော့သည်။
ကျူရှင်အိမ်နဲ့ လမ်းလေးသာခြားတဲ့ မျက်နှာချင်းဆိုင်အိမ်တွင် ခရေပင်အကြီးကြီးတစ်ပင်ရှိပြီး အပွင့်တွေလဲ ဖြူဖွေးနေအောင်ပွင့်သည်။မနက်ဆိုရင် ခရေပန်းတွေဖြန့်ခင်းထားသလို ကြွေကျနေပြီး စိုင်းတို့ကျူရှင်တက်တဲ့ ညနေ၄နာရီတွင်လည်း ခရေပန်းတွေက ဖြူဖွေးနေအောင်ကြွေနေပြီဖြစ်သည်။
သဲက ကျူရှင်ကို ပါလာတိုင်း ဇင်ကိုကိုနဲ့အတူ ခရေပန်း သွားသွားကောက်ပြီး ဇင်ကိုကို သီပေးတဲ့ခရေကုံးကို ခေါင်းတွင်သရဖူလိုပန်ပြီး တခစ်ခစ်နဲ့ ရယ်နေတတ်သည်။
ထိုအချိန်တိုင်း စိုင်းမျက်ခုံးတွေက အလိုမကျစွာ တွန့်ကုပ်နေခဲ့လျက်..၊
"သူရ နောက်နေ့ နှင်းလုံးကို ခေါ်မလာရအောင်"
"ဟမ်..ဘာလို့လဲ "စိုးသူရ ပြန်မေးတော့ စိုင်း ခတ္တမျှတွေဝေသွားပြီးမှ..၊
"ကျူရှင်ပြန်တဲ့လမ်းတစ်လျှောက် နှင်းလုံးကို ငါပဲ ချီရတာ "
"ဟမ်."