အပူကိုတော့အပူနဲ့တိုက်စားဖို့သူကြိုးစားခဲ့ပါရဲ့ ဒါပေမဲ့ ဒီတစ်ခေါက်အပူဟာ ဒုံးကျည်လိုဝုန်းဒိုင်းကြဲနာကျင်မှုတစ်ခုမဟုတ်ပါပဲ အက်စစ်လိုတမြေ့မြေ့တိုက်စားမယ့်အရာတစ်ခုဆိုရင်ရော
မင်ဂျောင်းအက်စစ်တွေကိုကြောက်သည် ၊ အလျင်အမြန်ရော နှေးနှေးကွေးကွေးပါတိုက်စားတတ်တဲ့ ထိုအရာတွေကို ဘယ်လိုအရာနဲ့တားဆီးရမယ်မှန်း မင်ဂျောင်းမသိဘူး ၊ နာကျင်မှုဟာ ဒီလောက်နဲ့တင်တော်သင့်ရဲ့ မဟုတ်ရင် မင်ဂျောင်းရူးရပါလိမ့်မယ် ။
နာကျင်မှု (၃)
နောက်ကျိမူးဝေနေတဲ့ခေါင်းနဲ့အတူ မင်ဂျောင်းနိုးလာသည် ။ လှဲနေရာကနေ ထထိုင်လိုက်ကာမှပိုကိုက်ခဲလာသည့်ခေါင်းကြောင့် မျက်လုံးတွေကိုတင်းတင်းပိတ်ရင်း ခေါင်းကိုနှိပ်နယ်ဖို့ကြိုးစားလိုက်ပေမယ့် ထူးဆန်းသည့်အခန်းလေထုနဲ့အတူ မွှေးပျံ့သောစားစရာ၏အနံ့ကိုသူရလိုက်သည် ။
ကိုကိုဒီနေ့အလုပ်မသွားဘူးထင်တယ် ။
ကိုကိုရှိနေသည်ဆိုသည့်အတွေးက မင်ဂျောင်း၏အပျင်းလယ်ဗယ်ကို ၂နှင့်မြှောက်လိုက်သလိုဖြစ်သွားသည် ၊ မှိတ်လက်စမျက်လုံးကိုမဖွင့်တော့ပဲ အားရပါးရ ကုတင်ပေါ်ကိုပြန်လှဲချလိုက်သည် ။
" ahhhhh "
အပျင်းကြောဆန့်သံသည်တစ်အိမ်လုံးကိုပျံ့နှံ့သွားသည် ။
" ဟိတ် "
မင်ဂျောင်းနားထဲ ထိုမိန်းမအသံကိုကြားယောင်နေပြန်သည် ။
" နိုးနေရင်ထတော့လေ ဟင်းချက်ထားတယ် "
မျက်လုံးတွေဖျက်ခနဲပွင့်သွားသည် ၊ အယောင်ယောင်အမှားမှားဖြင့်ထထိုင်လိုက်ပုံများ ခုနကခေါင်းကိုက်နေသည့် ကင်မင်ဂျောင်းမဟုတ်သည့်နှယ် ။
တကယ်ကြီး သူဟ!!! မင်ဂျောင်းကုတင်ဘေးမှာ ထိုမိန်းမဟာပြုံးရယ်ရင်းရပ်နေသည် ၊ ခပ်ပွပွဖြစ်နေတဲ့ဆံနွယ်တွေနဲ့ အနက်ရောင်တီရှပ်ပွပွကြားမှာ ထိုမိန်းမဟာလှချင်တိုင်းလှနေပြန်သည် ၊ ဒါပေမဲ့ မနက်ခင်းမှာတော့အဲ့လောက်ကြီးလှဖို့မလိုဘူးလို့မင်ဂျောင်းထင်တယ် ။