နာကျင်မှုကို အချိန်တစ်ခုနဲ့သာတိုင်းတာမယ်ဆို သူများတွေအတွက်က ၁နာရီ ကျွန်မအတွက်က ၂၄ နာရီ ၊ နာကျင်မှုကသာ ဒဏ်ရာတစ်ခုဖြစ်မယ်ဆို သူများတွေအတွက်က ရှရာခပ်သေးသေး ကျွန်မအတွက်က နောက်ဆုံးမှာဖျက်မရတဲ့အမာရွတ်ထိကျန်ခဲ့မယ့် နက်နက်နဲနဲဒဏ်ရာတစ်ခု
ဘဝတစ်လျှောက်လုံး နေ့စဉ်နေတိုင်းမပျက်မကွက်လုပ်ခဲ့ရတာတစ်ခုရှိတယ် ၊ တစ်ခါတစ်ရံထမင်းမစားတဲ့နေ့ရက်တွေသာရှိရင်ရှိမယ် နာကျင်မှုတွေကြားလဲမကျသွားဖို့အားတင်းမထားရတဲ့နေ့ ရီနာ့မှာမရှိဘူး
နာကျင်ခြင်း (၉)
တစ်ဦးတည်းသောသမီးရယ်လို့မဟုတ်ပေမယ့် တစ်ဦးတည်းသောသမီးဖြစ်တဲ့ရီနာ ၊ သားယောင်္ကျားလေးလိုချင်တဲ့ မိသားစုမှာ တစ်ယောက်တည်းသော မိန်းကလေးဖြစ်တာကြောင့် မိဘတွေစီကအချစ်ကိုလည်းမရခဲ့တဲ့အပြင် နေ့ရက်တိုင်းလည်း ခွဲခြားဆက်ဆံခံရတယ် ။
အစ်ကိုနှစ်ယောက်က ညီမလေးဆိုပြီးချစ်ပေမယ့်လို့ မိဘတွေဖြစ်တဲ့အဖေနဲ့အမေက ဘာလို့ဒီလောက်ထိ သူမကိုမုန်းနေရမှန်း ရီနာတစ်ခါမှအဖြေရှာမရခဲ့ဘူး ။
အစတည်းကအချစ်မခံခဲ့ရတဲ့ရီနာက ပိုပြီးအမုန်းမခံရအောင် မိဘတွေပြောတဲ့စကားကိုအမိန့်တစ်ခုလိုမျိုးသဘောထားတယ် ၊ ငယ်ရွယ်စဉ်ထဲက အစ်ကိုနှစ်ယောက်အတွက် မီးဖိုချောင်ဝင်ရပြီး အိမ်အလုပ်လုပ်ရပြီး စာဆိုလည်းအမြဲတမ်းညနက်မှလုပ်ခဲ့ရတယ် ။
အထီးကျန်ပြီး အချိန်ပြည့်ဝမ်းနည်းနေတတ်တဲ့ ရီနာ့အတွက် ဂျယ်ဟျောင်းတစ်ယောက်ထဲကသာ တစ်ဦးတည်းသောသူငယ်ချင်းပဲ ၊ သူမတို့နှစ်ယောက်ဟာတကယ့်ကိုပဲရိုးရှင်းပါတယ် ၊ နှစ်ယောက်လုံးအချင်းချင်းကူညီပေးရင်း အားပေးရင်း အချိန်တစ်ခုထိတူတူရှိခဲ့ကြတယ် ။
ဂျယ်ဟျောင်းမှာက အစတည်းကချစ်ရတဲ့သူရှိတယ် ။
ဒါပေမဲ့ သူမတို့ရဲ့သူငယ်ချင်းဆက်ဆံရေးဟာ အသိစိတ်လွတ်ပြီးတစ်ညတာမှားယွင်းခဲ့မိတဲ့အချိန်ကစပြီး ပျက်စီးသွားခဲ့ရတော့တာပါပဲ ၊ အရက်မသောက်တတ်တဲ့ ရီနာ့ကိုပျော်ရအောင်ဆိုပြီး သောက်ခိုင်းရင်းအခုလိုတွေဖြစ်သွားခဲ့တာ ။