စိတ်ခံစားမှုက အနိမ့်အမြင့်ကွာသွားတာပဲရှိတယ် ခံစားရတာကခံစားရတာပဲ ၊ လူတစ်ယောက်က တစ်ခြားလူတစ်ယောက်ကိုချစ်ရင်လည်း နာကိုနာကျင်ရမှာသေချာပေါက်ပဲ အနည်းငယ်နာကျင်တာနဲ့ အများကြီးနာကျင်တာပဲကွာမယ်
အချိန်ကြာလာတာနဲ့အမျှ မင်ဂျောင်း နာကျင်ခြင်းတွေကိုဘယ်လိုကိုင်တွယ်ရမလဲသိလာတယ် ၊ နေသားကျသွားတယ်ပြောရမလား နာကျင်ရင်တောင်တကူးတကဖြေဖျောက်ဖို့ကြိုးစားမနေတော့ဘူးလေ
နာကျင်ခြင်း ( ၅ )
ရီနာ့ရင်ခွင်ထဲကနေနိုးလာခဲ့တဲ့ မင်ဂျောင်းဟာ သူမအိပ်နေတဲ့အနေအထားကြောင့် ဗိုက်ကိုထိမှာအစိုးရိမ်လွန်ပြီး အလျင်အမြန်ကုန်းရုန်းထလိုက်မိတယ် ။
ကံကောင်းထောက်မစွာပဲ သူမရဲ့အမျိုးသမီးလေးဟာ နိုးမသွားသေးဘူး ။
စောင်အောက်မှာ ကလေးတစ်ယောက်လိုအိပ်ပျော်နေတဲ့ ရီနာ့ကိုကြည့်နေရင်း မင်ဂျောင်းအဲ့မိန်းမအပေါ်ချစ်တဲ့စိတ်တွေ တရိပ်ရိပ်ပိုတိုးလာတယ် ။
ရီနာက အောက်ဆီဂျင်ဆို မင်ဂျောင်းက သစ်ပင်တစ်ပင်ပဲ ၊ မင်ဂျောင်းသူမရှိရင်တကယ်အသက်မရှင်နိုင်ဘူး ။ နှုတ်ခမ်းနားက မှည့်လေးကိုမင်ဂျောင်းတန်ဖိုးထားပြီး ရယ်သံစွက်ပြီးပြောတတ်တဲ့ သူ့လေသံကိုလည်း မင်ဂျောင်းမြတ်နိုးတယ် ။
မျက်ဝန်းတွေဆိုရင်သိမ်းထားလိုက်ချင်ပြီး သွားတန်းညီညီတွေကိုလည်း ဖွက်ထားလိုက်ချင်တယ် ။ ဖြစ်နိုင်ရင်လေ တစ်ကိုယ်လုံးကိုပိတ်စနဲ့ထုပ်ပိုးပြီး သွားလေရာကျောပေါတင်သွားချင်လိုက်တော့တာပဲ ။
မျက်နှာသစ်ဖို့ ရေချိုးခန်းထဲဝင်လာတော့ မှန်ရှေ့က မင်ဂျောင်းပုံရိပ်မှာ မျက်ရည်စတွေဟာခြောက်ကပ်ကပ် ၊ ညက ရီနာအိပ်သွားတော့ မင်ဂျောင်းငိုနေခဲ့တာ ၊ အကြောင်းပြချက်မယ်မယ်ရာရာတော့ရှိမနေဘူး ဒါပေမဲ့ ရီနာ့ခံစားချက်တွေအားလုံးကို ဘေးကနေမျှဝေခံစားနေတဲ့အတွက် ရီနာအထီးကျန်နေတာကိုသိတော့ ယူကျုံးမရဖြစ်ပြီး ငိုချင်လာတယ် ။