ဘားထဲကိုရောက်လာပါပြီဆိုကတည်းက အရက်တွေကိုသာလှိမ့်သောက်နေသောဆွန်းငယ်ကြောင့်ဂျီဆောင်း ဆွန်းငယ်လက်ထဲကအရက်ခွက်ကိုဆွဲယူကာတားလိုက်လေသည်။ မတားလို့လည်းမရတော့ သောက်နေတာ ပုလင်းပေါင်းမနည်းတော့ပေ။
ဒါကိုအလိုမကျတဲ့ဆွန်းငယ်က ဂျီဆောင်းကိုမျက်မှောင်ကြုံ့ကာကြည့်လို့လာလေသည်။
သဘောမကျလည်းဂျီဆောင်းမတတ်နိုင်။ ဒီနည်းလမ်းမှမသုံးဘဲထားလိုက်ရင် ဆွန်းငယ်ကျန်းမာရေးထိခိုက်လာနိုင်သည်။ နေကောင်းပျောက်ခါစလူက အရက်သောက်ချင်တယ်ဆိုပြီးတအားဂျီကျနေလို့သာ သူခွင့်ပြုလိုက်ရတာ။ လူကသောက်စေချင်တာမဟုတ်။"ဟန်ဂျီဆောင်း အေ့ ဘာလို့ငါ့အရက်ခွက်ကိုလုသွားတာလဲ။ ပြန်ပေး"
လူကဖြင့်မျက်လုံးပင်ကောင်းကောင်းမပွင့်တော့သည့်အခြေနေကို အရက်ထက်သောက်ချင်နေသေးသတဲ့။ ဆွန်းငယ်က တစ်ကယ့်အရက်ဂျိုးလေး။
"တော်ပြီဆွန်းငယ်။ ဆွန်းငယ်သောက်နေတာအရမ်းများနေပြီ။ ဆွန်းငယ်ကအခုမှနေကောင်းခါစရှိသေးတာလေ။ အများကြီးသောက်ရင်ကျန်းမာရေးအတွက်မကောင်းဘူး"
ထိုအခါနှုတ်ခမ်းလေးကိုမဲ့လို့ မျက်စောင်းသဲ့သဲ့ထိုးလို့လာလေသည်။
"မင်းကငါ့ရည်းစားမလို့လား"
"ဗျာ"
ဂျီဆောင်းကြောင်သွားရသည်။
"မင်းကငါ့ရည်းစားမလို့လားလို့ အေ့။ ငါ့ရည်းစားတောင်ငါ့ကျန်းမာရေးကိုဂရုမစိုက်တာ မင်းကဘာလို့လာဂရုစိုက်နေတာလဲလို့ အဟင့်"
ဂျီဆောင်းမျက်နှာကိုစိုက်ကြည့်ရင်း မေးလာတဲ့ဆွန်းငယ်။ မျက်ဝန်းညိုညိုလေးတွေဟာ အရက်သောက်ထားတဲ့အရှိန်ကြောင့် ရီဝေကာရစ်မူးလို့နေလေသည်။
ပုံမှန်အချိန်ဆိုရင်တောင် အရောင်တစ်လက်လက်တောက်ပနေတတ်တဲ့ဆွန်းငယ်ရဲ့မျက်ဝန်းတွေဟာ မျက်ရည်ဥလေးတွေတွဲခိုနေသည့်ယခုလိုအချိန်မျိုးဆိုရင် ပိုလို့ပင်တောက်ပနေကာကြည့်လို့လှနေလေသည်။